စက်တင်ဘာ ၁၇၊ The Nation Voice
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊လက်ယက်ကုန်းရွာနဲ့အနီးတဝိုက်ကို မနေ့က စစ်ရဟတ်ယာဉ် (၄)စီးနဲ့ စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ကလေးငယ်(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များ က အသိပေးထားပါတယ်။ စက်တင်ဘာ ၁၆ရက် နေ့လည်ပိုင်းက လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်ယက်ကုန်းရွာ မှာ ပညာသင်ကြားနေတဲ့ ကလေးငယ်(၃)ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အင်ပင်ကျေးရွာက ငါးဖမ်းနေတဲ့ သားအဖ နှစ်ဦး ပစ်ခတ်ခံရပြီး သားဖြစ်သူ အသက် (၁၁)နှစ်အရွယ် (၅)တန်းကျောင်းသား ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောင်းသားကျောင်းသူ ကလေးငယ်တွေ အပါအဝင် ဒဏ်ရာရသူ (၂၀) လောက်ကို စစ်ကောင်စီတပ်က ရေဦးကို ခေါ်သွားတယ်လို့လည်း ဖော်ပြထားပါတယ်။
မနေ့က ကျေးရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူလူထုတွေကိုလည်း စစ်ကောင်စီတပ်က ‘မော့မကြည့်နဲ့ ခေါင်းငုံထား၊ မော့ကြည့်ရင် ပစ်သတ်မယ်’လို့ ခြိမ်းခြောက်ကာ ဒဏ်ရာရ ကလေးငယ်တွေနဲ့ ကျောင်းကဆရာမတစ်ဦး၊ဆရာတစ်ဦးကို ခေါ်သွားတယ်လို့ ဆိုပါတယ်။ ဒီပဲယင်းဒေသခံတစ်ဦးကလည်း စာသင်ကျောင်းကို ဦးတည်ပစ်ခတ်တိုက်ခိုက်ခံရလို့ ကလေးငယ်တွေ သေဆုံးတဲ့ ဖြစ်စဉ်ကို ကြားသိရပြီး အသေးစိတ် အခြေအနေတွေတော့ မသိရသေးဘူးလို့ ပြောပါတယ်။ ဒေသခံ ပြည်သူတွေ ဖမ်းဆီးခံထားရမှုတွေရှိပြီး လတ်တလော မြေပြင် အခြေအနေ ရှုပ်ထွေးနေလို့ သတင်းတွေကို ထပ်မံ အတည်ပြု ဖော်ပြပေးမယ်လို့ ဒီပဲယင်းမြိုနယ် ညီနောင်များ က အသိပေးထားပါတယ်။





