စက်တင်ဘာ၁၈၊ The Nation Voice
ကျောင်းသား (၆)ဦးအပါအဝင် ကလေး (၇)ဦးနဲ့ ရွာခံ (၆)ဦး စုစုပေါင်း အရပ်သား ပြည်သူ (၁၃)ဦး သေဆုံးခဲ့ရတဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက လေကြောင်း တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တို့ကအခုလိုထုတ်ပြန်လိုက်တာပါ။
စစ်ကောင်စီက စက်တင်ဘာ ၁၆ရက်က လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး လေကြောင်း မှ တိုက်ခိုက်ခဲ့ရာ ပညာသင်ကြားနေတဲ့ ကလေး (၆)ဦး အသက်ဆုံးရှုံးခဲ့ရသလို ဒဏ်ရာရသူအများအပြား ရှိခဲ့ပါတယ်။ ဒါ့အပြင် ငါးဖမ်းနေတဲ့ ကလေးတစ်ဦးနဲ့ ရွာသူရွာသား (၆)ဦး စုစုပေါင်း ၇ဦးတို့လည်း စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ ကျောင်းသား/ကျောင်းသူတွေနဲ့ ဆရာ/ဆရာမ အယောက်( ၂၀)ခန့်ကို ဖမ်းဆီးပြီး ရေဦးမြို့နယ်ကို ပို့ဆောင်ခဲ့ရာ ဖမ်းဆီးခံထားရသူတွေ ဘယ်လိုအန္တရာယ်မှ ကျရောက်စေခြင်းမရှိဘဲ အမြန်ဆုံး ပြန်လွှတ်ဖို့ လိုအပ်ကြောင်း NUG ဝန်ကြီးဌာန သုံးခုရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ လူမဆန်တဲ့ ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရက ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေးစိတ် မှတ်တမ်းတင်ပြီး တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ဆောင်နိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ကလေးသူငယ်တွေရဲ့ ပညာရေးအခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်ခံရမှု၊ စာသင်ကျောင်းတွေကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ဖော်ဆောင်ရေးမှာ အားဖြည့်ပံ့ပိုးဖို့ တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။

