စက်တင်ဘာ ၁၈၊ The Nation Voice
မကွေးတိုင်း၊မြိုင်မြို့နယ်တောင်ဘက်က သရက်ကန်ရွာမှာ အင်အား(၆၀)ခန့်နဲ့ အခြေချတပ်စွဲထားတဲ့ စကစလက်ပါးစေ ပျူစခန်းကို စက်တင်ဘာ(၁၆)ရက်နေ့က မဟာမိတ်တွေနဲ့အတူလက်နက်ကြီးတွေနဲ့ အချက်ပေါင်းရာနဲ့ချီ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)ကထုတ်ပြန်ပါတယ်။ စက်တင်ဘာ(၁၆)ရက် ည(၁၁)နာရီကျော်လောက်မှာ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)ဦးဆောင်မှုနဲ့အတူ မဟာမိတ်အဖွဲ့တွေက လက်လုပ် တာဝေးပစ်လက်နက်ကြီး (၁၀၀)မမ၊(၈၀)မမတွေနဲ့ အချက်ရေ(၁၀၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် သရက်ကန်ကျေးရွာထဲက စကစအဖွဲ့ဝင်တွေရဲ့ နေအိမ်တွေအတွင်းလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စကစဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ စကစဘက်က သေဆုံးမှုတွေရှိနိုင်ပေမဲ့ တိကျတဲ့သတင်းမရရှိသေးပဲ သတင်းအမှောင်ချထားတာကြောင့် ထိခိုက်မှုအခြေအနေအတိအကျကို မသိရသေးဘူးလို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြိုင်မြို့နယ်အတွင်း တိုက်ပွဲတွေအချိန်မရွေး၊နေရာမရွေး ဖြစ်ပေါ်လာနိုင်တာကြောင့် စကစအဖွဲ့ဝင်တွေနဲ့ လွတ်ကင်းရာမှာနေကြဖို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က အသိပေးထားပါသေးတယ်။

