စက်တင်ဘာ ၁၉၊The Nation Voice
ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ဒီကနေ့(စက်တင်ဘာ ၁၉) ရက်နေ့ကစတင်ပြီး Logo အမှတ်တံဆိပ် ပြောင်းလဲအသုံးပြုသွားတော့မှာဖြစ်တယ်လို့ ထုတ်ပြန်လာပါတယ်။ အခုလက်ရှိ ပြောင်းလဲအသုံးပြုလိုက်တဲ့ အမှတ်တံဆိပ် အရောင်တွေနဲ့ပတ်သတ်ပြီး KRU က အခုလိုအဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ တံဆိပ်အပေါ်က အဖြူရောင်ဟာ ဖြူစင်ခြင်း၊ရိုးသားခြင်းနဲ့သစ္စာရှိခြင်းကိုရည်ညွှန်းတာဖြစ်ပြီး တံဆိပ်ပေါ် ကအနီရောင်ဟာ ရဲရင့်ခြင်း၊သူရသတ္တိရှိခြင်း၊နိုးကြားတက်ကြွခြင်းတွေကို ရည်ညွှန်းတယ်လို့ သိရပါတယ်။
တံဆိပ်ပေါ်က အပြာရောင်ဟာ ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်း၊ တည်ငြိမ်ခြင်းနဲ့ ရွှေဝါရောင်ဟာမြင့်မြတ်ခြင်း၊ဂုဏ်ရည်ဝပြောခြင်းကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တံဆိပ်အလယ်မှာ အသုံးပြုထားတဲ့ အဖြူရောင်မျဉ်းကြောင်းက နွေဦးတော်လှန်း ရေးရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ လက်သုံးချောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ကိုရည်ညွှန်းပြီး စပါးနှံဟာပေါင်းစည်းခြင်း၊ကိုယ်စားပြုခြင်းကို ရည်ညွှန်းတယ်လို့ ပြောဆိုထားပါတယ်။ တံဆိပ်အောက်မှာ ပါဝင်တဲ့ ကြယ်ငါးလုံးကတော့ ကယား(ကရင်နီ)တော်လှန်ရေး တပ်ပေါင်းစုတွင် ပါဝင်တဲ့ အဖွဲ့ဝင်တိုင်းကို ရည်ညွှန်းထားတယ်လို့ ကရင်နီတပ်ပေါင်းစု(KRU)က ထုတ်ပြန်ပြောဆိုထားပါတယ်။
