စက်တင်ဘာ ၁၉၊ The Nation Voice
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာ “ကြိုက်တဲ့ ဒရုန်းပျံခဲ့၊ အိမ်ပြန်မပါသွားစေရဘူး”လို့ လေကြီးနေတဲ့ စခန်းမှူးကို သတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဒေသ (၁)၊အနောက်ပိုင်းတိုင်း တပ်မဟာ – ၇ ဒရုန်းတပ်ရင်း – ၇၀၆၊ အညာမြေ တပ်ခွဲ -၂ ကို ဖရဲသီးက သတင်းပို့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ဒီနေ့မှာ Chaung U Revolution Army၊ CDSOM၊ Young Fighter နဲ့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ လေကြီးနေတဲ့ စခန်းမှူးရဲ့ နားရွက် တံတွေးဆွတ်ဖို့ စီမံခဲ့ကြတယ်လို့ Wings Of The Irrawaddy ကထုတ်ပြန်ပါတယ်။ အဲဒီစခန်းမှူးဟာ ဂျမ်မာအားကိုးနဲ့ လေကြီးနေတာကြောင့် ရဲစခန်းပေါ်မှာ ဒရုန်းနဲ့ နှစ်ပတ်လောက်ပျံပြခဲ့ပြီး စခန်းမှူးအတွက် သီတင်းကျွတ် အကြိုလက်ဆောင် ဗုံးသီးတွေချထားပေးခဲ့တယ်လို့ လည်းဆိုပါတယ်။
“ အကြွားသန်လို့ သတိသွားပေးတာ။ အရင်က မပျံတာ ကြောက်လို့မဟုတ်ပါဘူး။ ဗုံးသီးမရှိလို့ မပျံသေးတာပါ၊ ခုကအကြွား သန်လို့ ” ဆိုပြီး Wings Of The Irrawaddy က သူတို့ရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ တိုက်ခိုက်ခဲ့တာ ဘယ်ရဲစခန်းလဲဆိုတာနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် ပျက်စီး၊ ထိခိုက်မှု ဘယ်လိုရှိတယ်ဆိုတာကိုတော့ အသိပေးဖော်ပြထားတာ မရှိပါဘူး။
