ဗြိတိန်ဘုရင်မကြီးဈာပန ကမ္ဘာ့ခေါင်းဆောင်အများအပြားတက်ရောက်ပြီး နှုတ်ဆက်စကားဆို

စက်တင်ဘာ ၁၉၊ The Nation Voice

ဗြိတိန်နိုင်ငံသားတွေ၊ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာတဝန်းက မင်းမျိုးမင်းနွယ်တွေက တနင်္လာနေ့ဒီနေ့မှာ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်ရဲ့ဈာပနကိုတက်ရောက်ပြီး နောက်ဆုံးနှုတ်ဆက်စကားဆိုနေပါတယ်။ လန်ဒန်က သမိုင်းဝင် ဝက်စ်မင်နင်စတာခန်းမမှာ ထားရှိထားတဲ့ ဘုရင်မကြီးရုပ်အလောင်းကို လူထောင်ချီက (၄)ရက်ကြာနေ့စဉ်လာရောက်ဂါရဝပြုခဲ့ပြီး ဒီနေ့မှာ ဈာပနအခမ်းအနားပြုလုပ်တာပါ။ ဗြိတိန်ထီးနန်းကို နှစ်(၇၀)ကျော်ကြာအောင်စိုးစံခဲ့တဲ့ သက်တော်(၉၆)နှစ်ရှိနေတဲ့ဘုရင်မကြီးကို အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်အပါအဝင် တက်ရောက်နှုတ်ဆက်သူတွေက ဘုရင်မကြီးကို ချီးကျူးစကားပြောခဲ့ပါတယ်။

“ခင်ဗျားတို့ရော၊ ကျွန်တော်တို့ရော သူ့ကို နှစ် ၇၀ လောက် တွေ့ခဲ့ရတာ ကံကောင်းလို့ပါ”လို့ ဘိုင်ဒန်ကပြောပါတယ်။ နေ့လည်ပိုင်းမှာတော့ သေနတ်ပစ်ဖောက်ဂုဏ်ပြုမှာဖြစ်ပြီး ဝက်စ်မင်နစ်စတာခရစ်ယာန်ကျောင်းတိုက်ကို ရေတပ်အမှုထမ်းတွေက အသုဘအခမ်းအနားအတွက် ခေါင်းတလားသယ်ဆောင်သွားမှာပါ။ အခမ်းအနားတက်ရောက်သူ (၂၀၀၀) လောက်မှာ ဘိုင်ဒန်၊ ဂျပန်ဧကရာဇ် နာရူဟီတို၊ တရုတ်ဒုတိယသမ္မတ ဝမ် ကျီရှန်း၊ တောင်အာဖရိကသမ္မတ ဆီရေး ရာမာဖိုဆာအပါအဝင် ကမ္ဘာ့ခေါင်းဆောင် (၅၀၀) လောက်လည်း ပါဝင်ပါတယ်။

ဘုရင်မကြီးရဲ့မြစ်တော်နဲ့ အခုအိမ်ရှေ့စံဖြစ်လာတဲ့ ဝီလီယံမင်းသားရဲ့မျိုးဆက်ထဲကအကြီးဆုံး ၂ ပါးဖြစ်တဲ့ သက်တော် ၉ နှစ်ရှိ ဂျော့မင်းသားနဲ့ သက်တော် ၇ နှစ်ရှိ ချားလော့မင်းသမီးတို့လည်း တက်ရောက်မှာပါ။ “ပြီးခဲ့တဲ့ ၁၀ ရက်မှာ ကြင်ယာတော်နဲ့ ကျွန်တော့်ဆီကို ထပ်တူဝမ်းနည်းကြောင်းနဲ့ ထောက်ခံပေးနေကြောင်း ဗြိတိန်နဲ့ ကမ္ဘာတဝန်းက သတင်းစကားအများအပြားလက်ခံရရှိခဲ့ပါတယ်။ နောက်ဆုံးနှုတ်ဆက်စကားပြောဖို့ပြင်ဆင်နေချိန်မှာပဲ ဝမ်းနည်းကြေကွဲရတဲ့ကာလမှာ မိသားစုနဲ့ကျွန်တော့်ကို စိတ်သက်သာရာရအောင် ထောက်ခံပေးနေတဲ့မရေမတွက်နိုင်တဲ့လူတွေကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်”လို့ သားတော်နဲ့ လက်ရှိနန်းမွေဆက်ခံရတဲ့ ချားလ်စ်ဘုရင်က စာထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက်မှာ စကော့တလန်က နွေရာသီစံအိမ်မှာ ဘုရင်မကြီး နတ်ရွာစံခဲ့ပါတယ်။ သက်တော် ၉၀ ကျော်လာတဲ့အထိ တရားဝင်အခမ်းအနားရာပေါင်းများစွာတက်ရောက်ခဲ့ပေမဲ့ ကျန်းမာရေးချို့ယွင်းလာတဲ့ဘုရင်မကြီးဟာ ပြီးခဲ့တဲ့လတွေအတွင်းရုပ်လုံးထွက်မပြခဲ့ပေမဲ့ နတ်ရွာမစံမီ ၂ ရက်အလိုမှာ လစ်ဇ် ထရပ်စ်ကို သူ့ရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *