မြစ်ကြီးနားမြို့နယ် အာလမ်ရွာက ဒေသခံတစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်

စက်တင်ဘာ ၁၉၊ The Nation Voice

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ် အာလမ်ရွာက ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က မနေ့ညပိုင်းမှာ ပစ်ခတ်ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။ အာလမ်ရွာမှာ စက်တင်ဘာ (၁၇)ရက်က ကားတိုက်မှု ဖြစ်ပွားပြီးနောက် ကားတိုက်ပြီး ထွက်ပြေးသွားတဲ့သူ တချို့ကို ဒေသခံတွေက ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားပြီး စက်တင်ဘာ ၁၈ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ အာလမ်ရွာကို ဝင်ရောက် လာတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာကို ရောက်နေချိန်မှာ အသက် ၃၀ကျော်အရွယ် လီဆူလူမျိုး အမျိုးသားတစ်ဦးက နေအိမ်ကို ပြန်လာရာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့လို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ “သူက မြစ်ဆိပ်ကနေတက်လာတာ။ ဘယ်သူမဆို စစ်သား အဲဒီလောက်များတာကို တွေ့ရင်တော့ ဘယ်သူမဆို ကြောက်တာပေါ့ ကြောက်ကြောက်နဲ့ ထွက်ပြေးတာ။ ဘာမှတော့ မဟုတ်ဘူး သာမန်လူပဲ ပြည်သူပဲ။ အဲဒါကို သူတို့က ပစ်ပြီးမှ မသေမရှင်ကို တခါတည်းမီးရှို့လိုက်တာ။ သူတို့(ပစ်ခတ်ဖမ်းဆီးခံရတဲ့သူ)အိမ်ဝန်းထဲမှာပဲ သူတို့ရဲ့ထင်းတွေနဲ့ တခါတည်းရှို့လိုက်တာ” လို့ ကချင်ဒေသခံက ပြောပါတယ်။

ဆိုင်ကယ်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ ကားသမားတွေဟာ စစ်ကောင်စီတပ်က အရာရှိတွေလို့ ယူဆရပြီး သူတို့ကို ပြည်သူတွေကလိုက်ဖမ်းပြီး အဖွဲ့တစ်ဖွဲ့က ခေါ်ဆောင်သွားတဲ့အပေါ် စစ်ကောင်စီတပ်က မကျေနပ်လို့ အခုလို ရွာကို ဝင်ရောက်စီးနင်းတာလို့ ယူဆရကြောင်း ဒေသခံက ပြောပါတယ်။ ကားတိုက်ခံရတဲ့ဖြစ်စဉ်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးနှစ်ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *