စက်တင်ဘာ ၁၉၊ The Nation Voice
မကွေးတိုင်း၊ မြိုင်နယ်တောင်ပိုင်း စိုင်ဂေါင်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ စက်တက်ဘာ (၁၈) ရက်က စိုင်ဂေါင်းကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုစစ်ကြောင်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ)နဲ့ မြိုင်၊ ပခုက္ကူ၊ ရေစကြို မှမဟာမိတ်တပ်ဖွဲ့များ စုပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများနိုင်ပေမယ့် အတိအကျ မသိရသေးဘူးလို့ ဖော်ပြပါတယ်။ ” စခများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ကျွန်တော်တို့ တော်လှန်ရေးရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါသည် ” လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
စိုင်ဂေါင်းရွာကိုဖျက်ဆီးပြီး ထွက်လာတဲ့စစ်အုပ်စုစစ်ကြောင်းဟာ မနေ့ညပိုင်းက မြိုင်မြို့နယ်တောင်ပိုင်း ညောင်ကုန်းကျေးရွာ(အရှေ့)ကို ရောက်ရှိနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် မိဘပြည်သူများအနေနဲ့ စစ်အုပ်စုစစ်ကြောင်းသတင်းအား နားစွင့်ကာ စစ်ကြောင်းနဲ့ဝေးရာမှာ ရှောင်ကြဉ်နေထိုင်ကြဖို့ သတိပေးထားပါတယ်။
