အရာရှိတွေအပါအဝင် စစ်ကောင်စီဘက်က ပူးပေါင်းလာတာ ရာဂဏန်းထိရှိတယ်လို့ AA ပြော

စက်တင်ဘာ ၁၉၊ The Nation Voice

စစ်ကောင်စီတပ်ကနေ လက်နက်နဲ့အတူ ပူးပေါင်းလာတဲ့အရေအတွက် ပိုမိုများပြားလာနေတယ်လို့ ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေနဲ့ စစ်ကောင်စီဘက်က ရုန်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို ဦးခိုင်သုခက ရှင်းလင်း ပြောဆိုခဲ့တာပါ။ “ပလက်၀မြို့နယ်ထဲက မြန်မာစစ်တပ် စစ်ကြောင်းတွေကနေ လက်နက်တွေနဲ့ ကျွန်တော်တို့ဘက်ကို ပူးပေါင်းလာတဲ့ အရာရှိ နဲ့ စစ်သည် တို့ဟာ ၁၀ယောက်ထက်မနည်းရှိပါတယ်။

နောက်တခြားမြို့နယ်ထဲမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းထဲက လက်နက်ယူပြီး ကျွန်တော်တို့ဘက် ပူးပေါင်းလာတာလည်းရှိပါတယ်” လို့ဦးခိုင်သုခက ပြောပါတယ်။ အခုလို စစ်ကောင်စီတပ်ဘက်က ထွက်ပြေးလာတာဟာ တိုက်ပွဲတွေမဖြစ်ခင်ကတည်းကရှိသလို တိုက်ပွဲကာလနဲ့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတွေမှာ ပိုများလာတယ်လို့ ဆိုပါတယ်။ “လာဖို့ ရှိတဲ့သူတွေလည်း အများကြီး ကျွန်တော်တို့ဘက် ဆက်သွယ်လာတာရှိပါတယ်။ အရေအတွက်အားဖြင့် ပြောဖို့ဆိုရင် ရာဂဏန်းလောက်ရှိပါတယ်” လို့ဦးခိုင်သုခက ပြောပါတယ်။

လတ်တလောမှာ AA နဲ့ စစ်ကောင်စီတပ်တို့ဟာ မောင်တော၊ဘူးသီးတောင်၊ ရသေ့တောင်နဲ့ချင်းပြည်နယ်ပလက်၀နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး AA က မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်း အချို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်လို့လည်း ဦးခိုင်သုခက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *