စက်တင်ဘာ ၂၀၊ The Nation Voice
မန္တလေးတိုင်း၊မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ MG-6 ပြောက်ကျားတပ်(မြင်းခြံ)ဟာ တပ်ဖွဲ့ဝင်အသစ်တွေကို ဒီကနေ့ကစလို့ခေါ်ယူနေပြီး အသက်(၁၈) နှစ်ကနေ အသက် (၅၀) ထိ ဝင်ရောက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်ရင်းရဲ့စည်းကမ်းချက်(၉)ချက်ကို အရင်ဖတ်ရှုလေ့လာပြီး ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ ချလိုက်ပါလို့ MG-6 ပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။
MG-6 ပြောက်ကျားတပ်ဖွဲ့ထဲကိုဝင်ရောက်လိုတဲ့သူတွေအနေနဲ့ ဆင်းရဲ၊ချမ်းသာ၊အယုတ်အလတ် မရွေးဝင်ရောက်နိုင်ပြီး ပညာအရည်အချင်းမသတ်မှတ်ထားဘူးလို့ ဆိုပါတယ်။
အသက် (၁၈)နှစ်ကနေ အသက် (၅၀)အထိဝင်ရောက်နိုင်ပြီး (လိုအပ်ပါက အတိုးလျော့ရှိသည်) လူမျိုး၊ဘာသာ ခွဲခြားထားခြင်းနဲ့ အသားရောင်ခွဲခြားထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။
ဘယ်လိုခန္ဓာကိုယ်ပိုင်ဆိုင်ထားသူမဆို ဝင်ရောက်နိုင်ပြီး အမျိုးသားတွေအနေနဲ့ မင်းအောင်လှိုင်ထက် အရပ်(၁)လက်မပိုမြင့်တဲ့ အရပ်အမောင်းရှိသူကို ဦးစားပေးမယ်လို့ ဖော်ပြထားပါတယ်။
နာတာရှည်ရောဂါနဲ့ ခုခံအားကျဆင်းသူတွေကိုတော့ လက်မခံပဲ ဝေးကွာတဲ့အရပ်ကစစ်သည်တွေအနေနဲ့ လမ်းခရီးမှာ ကြုံရတတ်သော အခက်ခဲတွေကြောင့် မလျှောက်ထားစေချင်ပါလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် MG-6 ပြောက်ကျားတပ်ဖွဲ့အနေနဲ့ တိုင်းပြည်အတွက် နောက်ဆံမတင်းတဲ့သူ၊ နေရာနဲ့ရာထူးကို မမက်မောပဲ ရဲရင့်မှုရှိပြီး အမိန့်နာခံမှုရှိတဲ့သူ ၊ပင်ပန်းဆင်းရဲမှုထက် သစ္စာရှိပြီး ရိုးဖြောင့်တဲ့သူ၊လိုအပ်ရင် အသက်နဲ့ ခန္ဓာကိုယ်ကို စွန့်ပြီး မတရားအာဏာသိမ်းပိုက်ထားတဲ့ စစ်အာဏာရူးနဲ့နောက်လိုက် ဒေါက်တိုင်ဟူသမျှကို ချေမှူန်းမယ်လို့ သစ္စာပြု ကတိပေးနိုင်သူတွေကိုသာ လက်ကမ်းကြိုဆိုနေမယ်လို့လည်း ပြောဆိုထားပါတယ်။


