စက်တင်ဘာ ၂၀၊ The Nation Voice
ပြည်သူများအနေဖြင့် ထောက်ပို့ကူညီရေးလုပ်ငန်းတွေကို တပ်ရင်းမှ တာဝန်ပေးထားသူများနဲ့သာ ချိတ်ဆက်ပံ့ပိုးပေးကြဖို့ မကွေးတိုင်း၊ ပခုက္ကူခရိုင် PDF တပ်ရင်း (၇၁၂)၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC က ဒီကနေ့ စက်တင်ဘာ (၂၀) ရက်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။ တပ်ရင်းအနေနဲ့ တော်လှန်ရေးအတွက်ကူညီထောက်ပံ့သူအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလအလှူရှင်ထောက်ပို့များ၊ ထောက်ပို့ PDF များ၊ အခြားသောကိစ္စရပ်များစွာအတွက် ပြင်ပဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံများကို တပ်ရင်းစတင်တည်ထောင်စဉ်ထဲက တာဝန်ခွဲဝေအလုပ် လုပ်ခဲ့ကြပြီး၊ အလှူခံခြင်းကိစ္စရပ်များနဲ့ ပြင်ပဆက်ဆံရေးကိစ္စရပ်များကို ဘုန်းလူ၊ တေဇ၊ သုတ တို့အား တာဝန်ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ရင်းမှ ကော်မတီအဖွဲ့လူကြီးများမှ ပြင်ပဆက်ဆံရေးနှင့် ပြန်ကြားရေးတာဝန်ခံများထံသို့ အသိပေးအတည်ပြုပြီးမှ အလှူခံခြင်းကိစ္စများ၊ အခြားအခြားသော ပြင်ပဆက်ဆံရေး၊ ပြန်ကြားရေးတို့နှင့် ဆိုင်သောကိစ္စရပ်များအား ဆောင်ရွက်လုပ်ကိုင်စေတယ်လို့ ဖော်ပြပါတယ်။ ” မိမိတို့တပ်ရင်းမှ အဖွဲ့ဝင်များ၊ ရဲဘော်များနှင့် ချိတ် ဆက်မိသော အလှူရှင်များ၊ ထောက်ပို့အဖွဲ့အစည်းများအနေဖြင့် ပြင်ပဆက်ဆံရေးတာဝန်ခံများ၊ ပြန်ကြားရေးတာဝန်ခံများနှင့် ချိတ်ဆက်စကားပြောဆိုပြီးမှ ထောက်ပံ့ပို့ဆောင်ခြင်းကိစ္စရပ်များကို ဆောင်ရွက်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ” လို့ PPC က ထုတ်ပြန်ပါတယ်။
ဒါကြောင့် အလှူရှင်များက တပ်ရင်းသို့ ထောက်ပံ့ပို့ဆောင်သော အထောက်အပံ့များအတွက် တပ်ရင်း Page မှ ဂုဏ်ပြုမှတ်တမ်းတင်လွှာနဲ့ ကျေးဇူးတင်ဂုဏ်ပြုပေးသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။ လက်ရှိအခြေအနေမှာ အနယ်နယ်အရပ်ရပ်၌ တော်လှန် ရေးအဖွဲ့အစည်းအယောင်ဆောင်ပြီး ပြည်သူထံ အကူအညီတောင်းခံပြီး တော်လှန်ရေးကို ပုံဖျက်ခံနေတဲ့အခြေအနေတွေလည်း ရှိနေပါတယ်။
