စက်တင်ဘာ ၂၀၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ(၅)နယ်မြေမှာ စစ်ကောင်စီတပ်စခန်းတွေကို ခြုံခိုတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ တပ်မဟာ(၅)က ဒီကနေ့ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၆ရက်နဲ့ ၁၇ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းဖြစ်စဉ်တွေကို မူတြော်သတင်းစဉ်က ထုတ်ပြန်ခဲ့တာပါ။
ဖာပွန်မြို့အရှေ့မြောက်ဖက်မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခေါပုဒ် စခန်းကို စက်တင်ဘာ ၁၇ရက်က (၂)ကြိမ်၊ စက်တင်ဘာ ၁၆ရက်က တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၇ရက်က လယ်ကျိုးခိုနဲ့ လှဂွန်းပျိုရွာကြားမှာ ရင်ဆိုင်တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့သလိုအဲဒီနေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို တပ်စခန်းငို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တပ်စခန်း သွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က တစ်ဦးသေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
နှစ်ရက်တာ တိုက်ပွဲဖြစ်စဉ်တွေမှာ KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်တွေ ကျဆုံးထိခိုက်တာမရှိဘူးလို့လည်း အသိပေးထားပါတယ်။
တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က ဒေသခံ ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊လူ့အခွင့်အရေးချိုးဖောက်တာတွေ ကျူးလွန်နေတယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။
