စက်တင်ဘာ ၂၀၊ The Nation Voice
စစ်ကိုင်းတိုင်း၊ကလေးဝမြို့နယ် မစိန်ကျေးရွာနယ်မြေရဲစခန်းကို စက်တင်ဘာ(၁၈)ရက်နေ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ People’s Defence Force – Kalewa ကထုတ်ပြန်ပါတယ်။ စက်တင်ဘာ(၁၈)ရက် မနက်(၆)နာရီဝန်းကျင်လောက်မှာ PDF – Kalewa ရဲဘော်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းကိုစီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစဘက်က အနည်းဆုံး (၇)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာနဲ့ ထွက်ပြေးသွားတဲ့ စကစတပ်သားတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ PDF – Kalewa တပ်ဖွဲ့ဝင်တွေဘက်က စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီ စခန်းသိမ်းတိုက်ပွဲကနေ စကစတပ်သားတွေရဲ့ G3 သေနတ်(၅)လက်၊Uzi သေနတ်(၂)လက်၊ M79 လောင်ချာ (၁) လက် ၊လက်ပစ်မိုင်း (၃)လုံး၊7.62ကျည် (၂၉၇) တောင့်၊ Uzi ကျည် (၁၄၉) တောင့် ၊125ဆိုင်ကယ် (၄) စီး ၊ဆက်သွယ်ရေးအထိုင်စက် (၂)လုံး ၊ဆက်သွယ်ရေးစကားပြောစက် (၃)လုံး ၊ဖုန်း (၁၀)လုံး ၊Power bank(၁)လုံး၊ Laptop (၁) လုံး ၊ပိုက်ဆံအိတ်(၂)လုံး ၊ပိုက်ဆံ (၁၃၀၀၀)ကျပ် ၊လက်ထိပ် (၂) ခု ၊ရွှေဆွဲကြိုး (၁)ကုံး ၊ကျောပိုးအိတ် (၁) လုံး ၊ဘေးလွယ်အိတ်(၃)လုံး ၊ဓား(၁)ချောင်း ၊Equipment (၁) ခုတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ဒေသခံအရပ်သားပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားခဲ့ပြီး People’s Defence Force – Kalewa တပ်ရင်းအနေဖြင့် အထူးစိတ်မကောင်းဝမ်းနည်းဖြစ်ရပါကြောင်းနဲ့ ဖြစ်စဉ်အတွက် ကာယကံရှင်မိသားစုကို လေးလေးနက်နက် တောင်းပန်အပ်ပါကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။




