စက်တင်ဘာ ၂၀၊ The Nation Voice
ရှမ်း-ကယားနယ်စပ်၊မိုးဗြဲမြို့တိုက်ပွဲမှာ စကစရဲ့လက်နက်ကြီး အဆမတန်ပစ်ခတ်မှုကြောင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်(၂)ဦးကျဆုံးခဲ့ရတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ(၁၉)ရက် မနက်(၁)နာရီလောက်ကစပြီး မိုးဗြဲမြို့ထဲကို စကစကတပ်တွေဟာ တာဝေးပစ်လက်နက်ကြီးတွေ၊တင့်ကားတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပြီး မနက်(၂)နာရီလောက်မှာတော့ စစ်ကြောင်း(၂)ကြောင်းနဲ့ မိုးဗြဲမြို့ထဲကို ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
မြို့ထဲကိုဝင်ရောက်လာတဲ့ စကစတပ်တွေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ လွိုင်ကော် PDF ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် 1107 တပ်ရင်း ဒီးမော့ဆို PDF ၊ နေပြည်တော် PDF,KNDF,KA,KGZ, URF တို့ စတင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ထိတွေ့တိုက်ပွဲမှာ စကစဘက်က ထိခိုက်ကျဆုံးမှုတွေရှိနိုင်ပေမယ့် အရေအတွက်ကိုအတည်မပြုနိုင်သေးဘဲ ပူးပေါင်းတပ်တွေဘက်က ရဲဘော်(၂)ဦး စကစရဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျဆုံးသွားခဲ့ရပြီး ရဲဘော်(၁)ဦး (စိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ စကစတပ်တွေဟာ စက်တော်ရာဘုန်းကြီးကျောင်းနဲ့ မွေတော်ဘုန်းကြီးကျောင်းတို့မှာအပြစ်မဲ့ ဒေသခံပြည်သူ(၁၀၀)ခန့်ကို ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိနေတယ်လို့ သိရပါတယ်။ မိုးဗြဲမြို့မှာတော့ စကစနဲ့ ဒေသခံပူးပေါင်းတပ်တွေစစ်ရေးအခြေအနေ ဆက်လက်တင်းမာလျှက်ရှိနေပြီး ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေမှာနေထိုင်ပေးကြဖို့နဲ့ ခရီးသွားပြည်သူတွေအနေနဲ့ မိုးဗြဲလမ်းကိုအသုံးမပြုကြသေးဖို့လည်း MBPDF က အသိပေးထားပါတယ်။
