စက်တင်ဘာ ၂၀၊ The Nation Voice
မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို မတရားညှင်းပန်း နှိပ်စက်နေတာတွေ ချက်ချင်း ရပ်တန့်ကြဖို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အမိန့်ပေးစေခိုင်းသူတွေ ထောင်အာဏာပိုင်တွေနဲ့ နှိပ်စက်ရာမှာ ပါဝင်သူတွေကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။
မုံရွာအကျဉ်းထောင်ကနေ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်အာဏာပိုင်တွေက မတရားသဖြင့် ညှင်းပန်းနှိပ်စက်နေတာနဲ့ ပတ်သက်ပြီး အခုလို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ မြင်းခြံအကျဉ်းထောင်မှာ လူ့ဂုဏ်သိဏ္ခာကျဆင်းစေဖို့ ရည်ရွယ်တဲ့ အပြစ်ပေးမှုတွေ၊ လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်နေမှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှပ်ညှင်းပန်းပြီး ခွဲခြားဆက်ဆံနေမှုတွေနဲ့ အလုပ်ကြမ်းတွေကို အတင်းအဓမ္မ စေခိုင်းမှုတွေ ဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထား ညှင်းပန်းနှိပ်စက်ကြဖို့ ထောင်အာဏာပိုင်တွေ၊ ထောင်ဝါဒါတွေနဲ့ လက်ပါးစေတွေကို အမိန့်ပေးစေခိုင်းသလို ကိုယ်တိုင်ကိုယ်ကျ ပါဝင်နှိပ်စက်ကြသူတွေမှာ မြင်းခြံအကျဉ်းထောင် ထောင်ပိုင်လေးဖြစ်တဲ့ ဝင်းကြိုင်(သုံးပွင့်)၊ ထောင်မှူးတွေဖြစ်တဲ့ မြတ်ကျော်သူ (နှစ်ပွင့်)၊ မောင်မောင်သိန်း(နှစ်ပွင့်) ဖြစ်ကြကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေကနေ အတည်ပြုနိုင်ခဲ့ကြောင်း ကော်မတီက ထုတ်ပြန်ပါတယ်။
မုံရွာထောင်ကနေ မြင်းခြံထောင်ကိုပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်စတင်ပြောင်းရွှေ့တဲ့နေ့ကစပြီး ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက မတရားသဖြင့် ညှင်းပန်း နှိပ်စက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး နိုင်ငံရေးအကျဉ်းသား တချို့ သတိလစ် မေ့မြောတဲ့အထိ နှိပ်စက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC) တို့အနေနဲ့လည်း မြန်မာနိုင်ငံကအကျဉ်းထောင်အားလုံးကို ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုပြီး လူသားချင်း စာနာထောက်ထားမှုကို ရှေ့ရှုကာ အကျဉ်းသားအခွင့်အရေး အလွန်အမင်း ချိုးဖောက်ခံနေရမှုတွေအတွက် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

