စက်တင်ဘာ ၂၀၊ The Nation Voice
လာမယ့်နိုဝင်ဘာအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ လက်ရှိမှာ မအောင်မြင်တဲ့ ဘုံသဘောတူညီချက်(၅) ချက်ကို ဆက်အကောင်အထည်ဖော်ဖို့ တိုက်တွန်းမလား၊ ပုံစံအသစ်နဲ့ဆက်သွားမလား အာဆီယံခေါင်းဆောင်တွေဆုံးဖြတ်ရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တနင်္လာနေ့မှာပြောပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့က နိုင်ငံတကာဆောင်ရွက်မှုတွေကို ဦးဆောင်နေတာပါ။
“အခုနဲ့အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမယ့် နိုဝင်ဘာလကြားမှာ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်က ကိုက်ညီသေးရဲ့လားဆိုတာ လေးလေးနက်နက်ပြန်သုံးသပ်ရပါမယ်။ ဒါမှမဟုတ် ပိုကောင်းတာတခုခုနဲ့ ပြန်အစားထိုးသင့်သလားပေါ့။ နိုဝင်ဘာမှာဆုံတွေ့ကြရင် အဲဒီခက်ခဲတဲ့မေးခွန်းကို မေးရမယ်။ အဲဒီအချိန်မှာပဲပြန်ဖြေရမယ်”လို့ အဗ္ဗဒူလာကပြောပါတယ်။ နယူးယောက်မြို့မှာပြုလုပ်နေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သတင်းထောက်တွေကို ပြောတာပါ။
အဖွဲ့ဝင် (၁၅)နိုင်ငံပါတဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံသားတွေအပေါ်ပျက်ကွက်မှာမဟုတ်ဘူးလို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက်မှုအားလုံးရပ်ဖို့၊ မြန်မာနိုင်ငံကိုလက်နက်တွေလွှဲပြောင်းပေးနေတာ ချက်ချင်းရပ်ဖို့နဲ့ ကုလသမဂ္ဂရဲ့ဒဏ်ခတ်အရေးယူမှုတွေစတင်ဖို့တိုက်တွန်းမယ့် ဗြိတိန်နိုင်ငံကမူကြမ်းဆွဲထားတဲ့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက စဉ်းစားနေပါတယ်။
ဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့၊ အာဆီယံငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့နဲ့ ဒီမိုကရေစီနည်းကျအကူးအပြောင်းပြုလုပ်ခွင့်ပြုဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ရုရှားတို့က မြန်မာနိုင်ငံကို ကာပေးမယ်လို့ သံတမန်တွေကခန့်မှန်းနေပြီး အခုဆုံးဖြတ်ချက်မူကြမ်းကလည်း အချိန်ကြာနိုင်တယ်လို့ သံတမန်တွေက ပြောပါတယ်။ ဆုံးဖြတ်ချက်ကိုအတည်ပြုဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံမှာ အနည်းဆုံး ၉ နိုင်ငံက ထောက်ခံမဲပေးရမှာဖြစ်ပြီး ရုရှား၊ တရုတ်၊ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ဗီတိုအာဏာသုံးပြီးပယ်ချခြင်းမရှိရမှာလည်းဖြစ်ပါတယ်။
