စက်တင်ဘာ ၂၁၊ The Nation Voice
အရိပ်မဲ့စစ်ဆင်ရေးအဖြစ် မကွေးတိုင်း၊ အောင်လံမြို့နယ် လျှပ်စစ်ရုံးကို ဝင်ရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် – အောင်လံက ဒီကနေ့ စက်တင်ဘာ (၂၁) ရက်မှာ ထုတ်ပြန်ပါတယ်။ မနေ့ စက်တင်ဘာ (၂၀) ရက်၊ ည (၇) နာရီခွဲခန့်က အောင်လံခရိုင်သတ်မှတ်ခြင်းအပေါ် အကြိုမိတ်ဆက်ခြင်းအနေဖြင့် အထူးလေ့ကျင့်သင်ကြားပေးထားသော လူကြီး လူကောင်းများအဖွဲ့မှ အရိပ်မဲ့စစ်ဆင်ရေးအဖြစ် အောင်လံမြို့နယ် လျှပ်စစ်ရုံးကို ဝင်ရောက်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
” ထိုသို့ပြုလုပ်ခဲ့ခြင်းမှာ မြို့ပြစစ်ဆင်ရေးကို သမားရိုးကျမဟုတ်သော နည်းဗျူဟာဖြင့် တိုက်ခိုက်သွားမည်ကို စတင်သတိပေးခြင်းဖြစ်ပြီး မကြာသော အချိန်ကာလတစ်ခုတွင်လည်း ဌာနဆိုင်ရာရုံးများကို ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်းကို အသိပေးခြင်းလည်း ဖြစ်ပါသည် ” လို့ ထုတ်ပြန်ပါတယ်။ အရိပ်မဲ့စစ်ဆင်ရေးကို မြို့ပြမှာအကောင်အထည်ဖော်တာဖြစ်တဲ့အတွက် ပြည်သူ့ဝိုင်းရံအား လိုအပ်ပြီး အလားတူ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့လည်း ဝန်ထမ်းကောင်းတစ်ဦးရဲ့တာဝန်ကို ကောင်းမွန်စွာပြသစေချင်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဌာနဆိုင်ရာရုံးဌာနတွေနဲ့ ပတ်သက်ဆက်ဆံခြင်းမပြုလုပ်ဘဲ ဝေးဝေးရှောင်ကြဖို့ သတိပေးထားပါတယ်။
