စစ်မှုထမ်းဖို့ရုရှားစစ်တပ်ကဆင့်ခေါ်ပြီးနောက် ရုရှားနိုင်ငံသားတွေ နယ်စပ်ကိုထွက်ပြေး

စက်တင်ဘာ ၂၃၊ The Nation Voice

ယူကရိန်းစစ်ပွဲမှာ စစ်မှုထမ်းဖို့ စစ်တပ်ကဆင့်ခေါ်ပြီးနောက် ရုရှားနိုင်ငံသားအမျိုးသားတွေ နိုင်ငံကထွက်ပြေးဖို့ကြိုးစားနေပါတယ်။ လူ (၃)သိန်းလောက်ကို စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့အမိန့်ကို ရုရှားသမ္မတ ဗလာဒီမျာပူတင်က ဗုဒ္ဓဟူးနေ့မှာကြေညာပြီးနောက် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေမှာ လူတန်းရှည်ကြီးဖြစ်နေတာပါ။ တိုက်ခိုက်နိုင်တဲ့အသက်အရွယ်အမျိုးသားတွေ ထွက်ပြေးနေကြတယ်ဆိုတဲ့သတင်းတွေဟာ ချဲ့ကားပြောနေတာလို့ ရုရှားဘက်ကပြောထားပါတယ်။

ရုရှားနိုင်ငံကနေ ဗီဇာမလိုဘဲသွားနိုင်တဲ့အိမ်နီးချင်းဂျော်ဂျီယာနိုင်ငံနယ်စပ်မှာ တိုက်ပွဲမဝင်ချင်တဲ့အမျိုးသားတွေအပါအဝင် မိုင်နဲ့ချီရှည်တဲ့ယာဉ်တန်းကြီးရှိနေတယ်လို့ မြေပြင်သ‌တင်းထောက်တွေကပြောပါတယ်။ ကားတန်းရှည်ကြီးကိုရှောင်ဖို့နဲ့ လမ်းလျှောက်ဖြတ်သန်းခွင့်ပိတ်ထားတာကိုရှောင်ဖို့ တချို့အမျိုးသားတွေက စက်ဘီးနဲ့နယ်စပ်ဖြတ်သန်းသွားပါတယ်။ ပြည်ဝင်ခွင့်ဗီဇာလိုတဲ့ဖင်လန်နိုင်ငံနယ်စပ်မှာလည်း ဝင်ရောက်မှုသိသိသာသာမြင့်တက်လာပေမဲ့ ထိန်းနိုင်တဲ့ပမာဏမှာရှိနေတယ်လို့ ဖင်လန်အရာရှိတွေကပြောပါတယ်။

တပ်သားသစ်စုဆောင်းတာကို ဆန့်ကျင်ဖို့ကြာသပတေးနေ့က ညစဉ်မိန့်ခွန်းမှာ ယူကရိန်းသမ္မတ ဗိုလော့ဒီမျာ ဇီလန်စကီက ရုရှားနိုင်ငံသားတွေကိုပြောပါတယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်သားတွေအကျအဆုံးများနေတာကို ကိုးကားပြီး “အကျပိုများချင်လား။ မများချင်ဘူးလား။ မများချင်ရင် (တပ်သားသစ်စုဆောင်းတာကို)ဆန့်ကျင်ပါ။ ပြန်ခုခံပါ။ ထွက်ပြေးပါ။ ဒါမှမဟုတ်ရင် ယူကရိန်းနယ်မြေထဲ အညံ့ခံလာပါ”လို့ ဇီလန်စကီက ရုရှားနိုင်ငံသားတွေကို တိုက်တွန်းတယ်။

Source – BBC Photo – AP

Leave a Reply

Your email address will not be published. Required fields are marked *