စက်တင်ဘာ ၂၃၊ The Nation Voice
စစ်ကိုင်းတိုင်း၊တမူးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်ဖို့ တမူးကနေ အောင်ဇေယျဘက်ကိုဦးတည်မောင်းနှင်လာတဲ့ စကစအဖွဲ့တွေကို မဟာမိတ်တွေနဲ့အတူမနေ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့) တပ်ရင်း -(၁)ကထုတ်ပြန်ပါတယ်။ တမူး-အောင်ဇေယျကားလမ်းပိုင်းက စကစတပ်စခန်းတွေမှာ တပ်အချိန်းအပြောင်းလုပ်ဖို့ စစ်ကား(၆)စီးပါ ယာဉ်တန်းနဲ့ အင်အား(၈၀)ကျော်ခန့်ရှိ စကစခြေလျင်စစ်ကြောင်းတို့တက်လာတာကို ကြိုတင်သတင်းရရှိတဲ့အတွက် မဟာမိတ်အဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ (၁)နာရီခန့်ကြာအောင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စကစဘက်က(၁၂)ဦးအထိ သေဆုံးကြောင်း ဒေသခံတွေရဲ့သတင်းပေးပို့မှုအရ သိရတယ်လို့ တမူးPDFက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သေဆုံးနေတဲ့ စကစတပ်သားတွေရဲ့အလောင်းတွေကိုလည်း ကားလမ်းဘေးက တောထဲမှာမြုပ်ထားခဲ့ပြီး အောင်ဇေယျရွာဘက်ကို ဆက်လက်ထွက်ခွာသွားကြောင်း သိရတယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ တမူး PDF က ရဲဘော်တွေအထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါသေးတယ်။ အဲ့ဒီတိုက်ခိုက်မှုဟာ စက်တင်ဘာ ၁၉ရရက်နေ့၊တမူးမြို့ (၄ )မိုင်တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ တော်လှန်ရေးညီအစ်ကို ရဲဘော်နှစ်ဦးကို ဂုဏ်ပြုသောအားဖြင့် “ကြယ်နှစ်ပွင့်စစ်ဆင်ရေး”လို့ အမည်ပေးကာ တိုက်ပွဲဖော်ဆောင်ခဲ့တာ ဖြစ်ကြောင်းကိုလည်း တမူး PDF က အသိပေးထားပါသေးတယ်။



