စက်တင်ဘာ ၂၃၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေမှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီးစက်တင်ဘာ ၂၀ရက်ကနေ ၂၂ရက်နေ့အတွင်း တိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်ရေးသတင်းတွေကို တပ်မဟာ(၅)က ထုတ်ပြန်အသိပေးခဲ့ပါတယ်။ စက်တင်ဘာ၂၀ရက်ကနေ၂၂ရက်အတွင်းစစ်ကောင်စီတပ် (၅)ဦးသေပြီး(၄)ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာ ၂၂ရက်မှာ စစ်ကောင်စီရဲ့ လယ်တိုးအခြေစိုက်စခန်းကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က(၁)ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၁ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်က ရဟတ်ယာဉ် (၂)စီးနဲ့ မဲဝိုင်စခန်းကို လာရောက်ရိက္ခာပစ္စည်း ပို့ဆောင်လာခဲ့ရာ တစ်စီးက ဗုံးသီး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်စီးက ပစ္စည်းထုပ်ချခဲ့ပါတယ်။ ရဟတ်ယာဉ်က ချတဲ့ ပစ္စည်းထုပ်ဟာ တပ်စခန်းအပြင်ဘက် ကျရောက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ယူစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း မဲဝိုင်ရွာဘက်ကို လက်နက်ကြီးနဲ့ (၂)ကြိမ်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အဲဒီလက်နက်ကြီး ပစ်ခတ်မှုမှာ ဒေသခံတွေထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။ စက်တင်ဘာ ၂၁ရက်နေ့မှာပဲ ဖာပွန်မြို့အနီးက ထူးမောဒဲရွာတံတားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က (၂)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၀ရက်မှာလည်း စစ်ကောင်စီတပ်စွဲရာ နေရာ (၂)နေရာကို တိုက်ခိုက်ခဲ့ရာ (၁)ဦးသေ၊(၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၅)က ဆိုပါတယ်။ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတဲ့ KNU တပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၁၀၀)ကျော်အင်အားဖြည့်တင်းထားပြီး စက်တင်ဘာ ၂၁ရက်က အုန်းတော လှေဆိပ်ကတဆင့် ဒေသတွင်းကို ဝင်ရောက်လာတာလို့ ထုတ်ပြန်ထားပါတယ်။
