စက်တင်ဘာ ၂၅၊ The Nation Voice
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ မနေ့က ညနေပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်တွေ ဖမ်းဆီးပြီး ကားပေါ် အပြည့်တင်နေချိန်မှာ စစ်သားက ရဲကို ပါးရိုက်လိုက်တဲ့ ဖြစ်စဉ်တခုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်ကား ( DC) တစ်စီး၊ ရဲကား(Faw) တစ်စီးနဲ့ ကုန်တင်ကားတစ်စီး၊ စစ်သား၊ ရဲအင်အား ဆယ်ဦးဝန်းကျင်ပါဝင်ပြီး ဆိုင်ကယ်ကယ်ရီဆွဲတဲ့ ဂိတ်တခုအနီးမှာ လာသမျှဆိုင်ကယ်တွေကို ဖမ်းဆီးကာ အကုန်သိမ်းယူကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအချိန် လမ်းရှင်းပေးနေတဲ့ သူတို့အဖွဲ့က ရဲတစ်ဦးဟာ ဖြတ်သန်းလာတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတဲ့အကြောင်းပြောပြီး လက်ဟန်ခြေဟန်နဲ့ မလာဖို့နဲ့ ပြန်လှည့်ဖို့ ပြောဆိုခဲ့တာကြောင့် စစ်သားတစ်ဦးဟာ အဲဒီရဲကို လူအနည်းငယ်ရှင်းတဲ့နေရာကို ခေါ်ပြီး ပါးရိုက်ခဲ့တယ်လို့ အင်းစိန်မြို့ခံတွေက ပြောပြပါတယ်။ “ စစ်သားက ဘာလို့အဲဒီလိုလုပ်တာလဲမေးပြီး အဲဒီရဲကို ခေါ်ရိုက်တာ။ ရဲက ပြည်သူတွေ ကျပ်တည်းနေချိန်မှာ ဒီလိုတွေလုပ်တာ မသင့်တော်ဘူးထင်လို့ ပြန်လှည့်ခိုင်းလိုက်တာလို့ကြားလိုက်ရတယ်။
ကျွန်တော်တို့ ထိုင်နေတဲ့ ကွမ်းယာဆိုင်နဲ့ သိပ်မဝေးဘူး။ အတိုင်းသားကြားရတယ် ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။ မနေ့က အင်းစိန်မြို့နယ်၊ အင်းစိန်ပန်းခြံ လမ်းသစ်လမ်းမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပေမယ့် စစ်သားနဲ့ရဲတွေဟာ အဲဒီနေရာကို သွားဖို့ထက် ဆိုင်ကယ်တွေကို ကားတစ်စီးအပြည့်ရတဲ့အထိ အေးအေးဆေးဆေး ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့လညဘ်း မြို့ခံတွေက ဆိုပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆိုင်ကယ်တွေကို စစ်သားနဲ့ ရဲတွေက ပွဲစားတွေရှာပြီး ကြိုက်တာယူ (၆) စီးတစ်အုပ်ကို ကျပ် သိန်း (၂၀) နဲ့ ပြန်လည်ရောင်းချနေတယ်လို့လည်း စစ်တပ်နဲ့ နီးစပ်သူတွေက The Nation Voice ကိုပြောပြပါတယ်။

