စက်တင်ဘာ ၂၅၊ The Nation Voice
သောကြာနေ့ညက ရခိုင်ပြည်နယ်မှာ ပစ်ခတ်မှုတွေဖြစ်နေတုန်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိတဲ့ ဘန်ဒါဘန်မြို့၊ နိုင်ခရန်ချာရီခရိုင်က ဘင်္ဂလားဒေ့ရှ်လေကြောင်းပိုင်နက်ကို မြန်မာဂျက်တိုက်လေယာဉ်တစ်စီးဖြတ်ကျော်ပျံသန်းခဲ့လို့ အဲဒီမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေထိပ်လန့်ခဲ့ပါတယ်။ ည ၁၀ နာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ်တစ်စီးပျံသန်းသွားတာတွေ့လိုက်တယ်လို့ ရိုဟင်ဂျာလူငယ်ခေါင်းဆောင် မိုဟာမက် ဆာဒက်ကပြောပေမဲ့ ဘင်္ဂလားဒေ့ရှ်နယ်မြေထဲပစ်ခတ်ခဲ့တာမရှိဘူးလို့လည်း ဖြည့်စွက်ပါတယ်။
မြန်မာစစ်လေယာဉ်တစ်စီး နယ်စပ်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေ ပုံမှန်ကင်းလှည့်နေကြတယ်လို့ ဒေသအုပ်ချုပ်ရေးအရာရှိ ဆယ်မာ ဖာဒူးကပြောပါတယ်။ သောကြာနေ့ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာ နယ်စပ်ခြံစည်းရိုး (၃၄)နဲ့(၃၅) ကြား မြန်မာဂျက်တိုက်လေယာဉ်က ကျည် (၁၀)ချက်နဲ့ (၁၅)ချက်ကြားပစ်ခတ်ခဲ့တယ်လို့ ဒေသခေါင်းဆောင်တစ်ဦးကပြောတယ်ဆိုပြီး UNB သတင်းအေဂျင်စီကဖော်ပြပါတယ်။ မြန်မာဂျက်လေယာဉ်က မြန်မာဘက်ကိုပစ်ခတ်ခဲ့ပေမဲ့ နယ်စပ်မှာနေကြသူတွေက ညဘက်ပစ်ခတ်သံကြားရတဲ့အတွက် ထိတ်လန့်ခဲ့ကြတယ်လို့ ကော့က်ဘဇားဒေသအခြေစိုက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကွပ်ကဲရေးအရာရှိ ဒုတိယဗိုလ်မှူးကြီး မိုဟာမက် မဟီဒီ ဟာဆန်ကဘားက ပြောပါတယ်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ နယ်စပ်ကို ဆက်လက်ကင်းလှည့်နေပြီး စနေနေ့မှာတော့ ပစ်ခတ်သံတွေသိပ်မကြားရဘူးလို့လည်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက် ပစ်ခတ်မှုတွေ၊ လက်နက်ကြီးကျမှုတွေရှိတာနဲ့ စက်တင်ဘာ ၁၆ ရက်က လက်နက်ကြီးကျရောက်လို့ ရိုဟင်ဂျာဆယ်ကျော်သက်တစ်ဦးသေဆုံးခဲ့ပြီး ဘန်ဒါဘန်မြို့အရာရှိတွေက အခြေအနေဆိုးလာရင် ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ထားနိုင်ဖို့ ဒေသမူလတန်းကျောင်းတွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
