လာအိုနိုင်ငံမှာ စိတ်ကြွမူးယစ်ဆေးပြား ၃၃ သန်း သိမ်းဆည်းရမိ

စက်တင်ဘာ ၂၅၊ The Nation Voice

လာအိုရဲတွေက နိုင်ငံရဲ့တတိယအများဆုံးအနေနဲ့ မက်သာဖက်တမင်းစိတ်ကြွမူးယစ်ဆေး (၃၃) သန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ကုလသမဂ္ဂအရာရှိတစ်ဦးက စနေနေ့မှာပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း လာအိုနိုင်ငံဟာ မဲခေါင်မြစ်ကမ်းတလျှောက်ကနေ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ကမက်သာဖက်တမင်းမူးယစ်ဆေးတွေကို ထိုင်းနိုင်ငံကိုသယ်ဖို့ မူးယစ်ဆေးကုန်ကူးသူတွေက လမ်းကြောင်းအနေနဲ့ အသုံးပြုနေတာပါ။

မက်သာဖက်တမင်းမူးယစ်ဆေးပြား(၃၃) သန်းနဲ့ အိုက်စ် (၅၀၀) ကီလိုဂရမ်ကို သောကြာနေ့က လာအိုမြောက်ပိုင်း ဘိုကီယိုပြည်နယ်မှာ သိမ်းဆည်းရမိခဲ့တာလို့ ကုလသမဂ္ဂ မူးယစ်ဆေးနှင့်မှုခင်းဆိုင်ရာဒေသကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ကလပ်စ်ကပြောပါတယ်။ ဖမ်းမိတဲ့နေရာဟာ တရုတ်လူမျိုးတွေစီမံလည်ပတ်နေပြီး လိင်၊ တောရိုင်းတိရစ္ဆာန်နဲ့ မူးယစ်ဆေးကုန်ကူးနေသူတွေကြားထင်ရှားတဲ့ ရွှေတြိဂံအထူးစီးပွားရေးဇုန်နားမှာရှိနေပါတယ်။

သောကြာနေ့က ဖမ်းဆီးရမိတာဟာ အဲဒီနေ့အစောပိုင်းက မက်သာဖက်တမင်းစိတ်ကြွဆေး (၂)သိန်းကို တွန်ဖီအန်ခရိုင်စစ်ဆေးရေးဂိတ်မှာ ဖမ်းမိပြီးနောက် သတင်းအရ ဆက်လက်သိမ်းဆည်းတာလို့လည်း ဒေါက်ကလပ်စ်က ပြောပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်း ဘိုကီယိုပြည်နယ်မှာ မူးယစ်ဆေးတွေအလုံးအရင်းနဲ့ဝင်ရောက်နေတယ်လို့ ဒေါက်ကလပ်စ်ကပြောပါတယ်။ ရှမ်းပြည်နယ်က မူးယစ်ဆေးထုတ်လုပ်တဲ့နေရာတွေက အချိန်ပိုလုပ်ပြီးပိုထုတ်လုပ်နေသလို ထိုင်းတပ်ဖွဲ့တွေပတ်လည်ကို မူးယစ်ဆေးကုန်ကူးသူတွေက လမ်းကြောင်းပြန်ဆွဲနေလို့ လာအိုမြောက်ပိုင်းဟာလည်း ဒေသအတွက် ရှေ့တန်းဖြစ်လာတယ်လို့ သူကပြောပါတယ်။

အခုမူးယစ်ဆေးတွေနဲ့အတူ လူတစ်ဦးကိုလည်း လာအိုရဲတွေက ဖမ်းဆီးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလမှာလည်း လာအိုရဲတပ်ဖွဲ့က အာရှမှာအများဆုံးမူးယစ်ဆေးသိမ်းဆည်းရမိမှုအနေနဲ့ မက်သာဖက်တမင်း (၅၅)သန်းသိမ်းမိခဲ့ပြီး အခုနှစ်ဇန်နဝါရီမှာလည်း (၃၆)သန်း သိမ်းနိုင်ခဲ့ပါတယ်။ဖြစ်စဉ် ၂ ခုစလုံးက ဘိုကီယိုခရိုင်မှာပဲသိမ်းဆည်းရမိခဲ့တာပါ။ ၂၀၂၁ ခုနှစ်အတွင်း အရှေ့နဲ့ အရှေ့တောင်အာရှတို့မှာ မက်သာဖက်တမင်းသန်း (၁၀၀၀)သိမ်းဆည်းရမိခဲ့တယ်လို့ အခုနှစ်မေလက ကုလသမဂ္ဂအစီရင်ခံစာတခုမှာပါဝင်ပါတယ်။

Source – AFP Photo – Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *