စက်တင်ဘာ ၂၅၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ မနေ့က စက်တင်ဘာ ၂၄ရက်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ တပ်မဟာ(၅)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်နဲ့စစ်ကောင်စီ လက်ပါးစေ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင်တွေကို တပ်မဟာ(၅)က ခြုံခိုတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာပါ။ ဒွယ်လိုးမြို့နယ် ဝါးဒူးကျေးရွာနဲ့ ထိုးဖိုရွာကြားမှာ BGF နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ(၅)ရဲဘော်တွေက စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီတပ်သား (၂)ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဖာပွန်မြို့ အခြေစိုက် ခလရ (၁၉) စခန်းကိုလည်း မနေ့က တိုက်ခိုက်ခဲ့ပြီး ဒွယ်လိုးမြို့နယ် တာဂေါ်ခီးရွာ အနီးမှာ တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်က (၃)ဦးသေဆုံးခဲ့ပြီး တပ်မဟာ(၅) ရဲဘော်တွေ ထိခိုက်ကျဆုံးမရှိဘူးလို့ အသိပေးထားပါတယ်။ စက်တင်ဘာ ၂၃ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မဟာ(၅) အကြား တိုက်ပွဲတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ကထိခိုက်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

