စက်တင်ဘာ ၂၆၊ The Nation Voice
မကွေးတိုင်း၊ ထီးလင်းမြို့နယ် ဆင်စွယ်ကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ချိန် အသက် (၇၈)နှစ်အရွယ် အဘိုးတစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ YDF(Htilin)က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ (၂၄) ရက်က ထီးလင်းမြို့နယ် ဆင်စွယ်ကျေးရွာမှာ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးလျက်ရှိကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံ သတင်းပေးချက်အရ အဲဒီနေ့ ညနေ (၄) နာရီခွဲလောက်မှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမှုကို ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ YDFတပ်ဖွဲ့နဲ့ ဆင်စွယ်ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကြိုး ဆွဲချသေဆုံးသူမှာ ဆင်စွယ်ရွာနေ အသက် (၇၈)နှစ်အရွယ် ဦးပြည်သိန်း ဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ပါတယ်။ ” အဆိုပါ အခင်းဖြစ်သည့်နေ့သည် ဆင်စွယ်ကျေးရွာဒေသခံများ စကစစစ်ကြောင်းကြောင့် တိမ်းရှောင်နေရသည့်နေ့လည်းဖြစ်ပါသည် ” လို့ YDF(Htilin)က ဆိုပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ မိမိကိုယ်တိုင် ကြိုးဆွဲချသေဆုံးခြင်းရဲ့ လက္ခဏာရပ်များအား တွေ့ရှိရတာကြောင့် သေဆုံးသူရဲ့ မိသားစုဝင်များ၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ YDF(ထီးလင်း)တို့က အလောင်းကို ဆင်စွယ်ကျေးရွာ သင်္ချိုင်းမှာ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
