စက်တင်ဘာ ၂၆၊ The Nation Voice
စစ်ကိုင်းမြို့ဘက်ကနေ မုံရွာမြို့ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ထောက်ပို့ယာဉ် (၁၂) ဘီးကား ခြောက်စီးကို CDSOM ရဲ့ တူမီးဖိုက်တာအဖွဲ့က ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေနဲ့ အတူ ပူးပေါင်းကာ မနေ့က မိုင်းစစ်ဆင်ရေး နှစ်ကြိမ်ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီ (၁၂) ဘီးကားယာဉ်တန်းကို ဂွေးပင်တောနဲ့ ဘိုးမင်းကြီးကင်းရွာကြားအရောက်မှာ လက်နက်ငယ်နဲ့ အသင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ ကားတွေဟာ မိုင်းဆင်ထားတဲ့ လမ်းဘေးကိုထိုးဆင်းလာခဲ့တဲ့အတွက် M2W ထုတ် စွမ်းအားမြှင့် ပဒေသာမိုင်း (၁၀) လုံးတွဲနဲ့ တိုက်ခိုက်ခဲ့ရာ မိုင်းဖြင့် တိုက်ခိုက်ခံလိုက်ရတဲ့ကားဟာ တစစီဖြစ်ပြီး ယခင်ကလို ဆွဲယူသွားရန်ပင် မလွယ်တော့တဲ့ အဖြစ်သို့ ရောက်ရှိသွားခဲ့တယ်လို့ CDSOM က ထုတ်ပြန်ထားပါတယ်။
ကားမိုင်းဆွဲခံရတဲ့ သတင်းကြားပြီး ချောင်းဦးနယ် ငါးယှန်ဘက်မှ စစ်အင်အား (၇၀) ခန့် ဟာ ခြေလျင်စစ်ကြောင်းနဲ့ အမြန်ချီတက်လာခဲ့ရာ လတ္ထုတ္တောနဲ့ ဂွေးပင်တောကြားအရောက် M2W ထုတ် ပဒေသာ မိုင်း (၅) လုံးတွဲနဲ့ မိုင်းဆွဲခဲ့ပါသေးတယ်။ အဲဒီ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုမှာ စစ်သား နှစ်ဦးသေဆုံးပြီး ငါးဦးလောက် ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းစစ်ဆင်ရေးတွေကို CDSOM ရဲ့ တူမီးဖိုက်တာအဖွဲ့၊ CDSOM ရဲ့ မြောက်ပိုင်း 012 နဲ့ 007 အဖွဲ့၊ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်) – M2W၊ Black Eagle Defence Force – MMU PDF၊ Myinmu Civil Revolution Force – CRF Myinmu၊ People’s Defence Force Myinmu -MMU နဲ့ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
