စက်တင်ဘာ ၂၆၊ The Nation Voice
ချင်းပြည်နယ်၊မတူပီမြို့နယ်မှာ ချင်းကာကွယ်ရေးတပ်(CDF)နဲ့ စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း မတူပီ CDF က သတင်းထုတ်ပြန်ထားပါတယ်။ မတူပီမြို့နယ်အတွင်း စက်တင်ဘာ ၂၄ရက်နဲ့ ၂၅ရက် နေ့တွေမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းတွေကို မတူပီ CDF က နေ့အလိုက်ထုတ်ပြန်ထားတာပါ။ မတူပီ အခြေစိုက် စစ်ကောင်စီတပ် ခလရ(၁၄၀) တပ်ရင်းက မတူပီ – ဟားခါး လမ်းကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုး ဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၄ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်က (၃)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မနေ့က စက်တင်ဘာ ၂၅ရက်နေ့မှာလည်း မတူပီနဲ့ ငလိုင်ရွာကြားမှာ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က (၄)ဦးသေဆုံးကာ (၈)ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မတူပီ CDF က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ မတူပီ CDF ရဲဘော်တစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ရက်ကလည်း မတူပီမြို့နယ် (၂)မိုင်လောက် အကွာမှာရှိတဲ့ စစ်ကောင်စီတပ် ရှေ့တန်းစခန်းကို မတူပီ CDF က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။
