စက်တင်ဘာ ၂၆၊ The Nation Voice
မကွေးတိုင်း၊ မြိုင်နယ်အနာက်ပိုင်းက ကျေးရွာတွေကို ဝင်ရောက်သောင်းကျန်း မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို လက်လုပ်မိုင်းအပါအဝင် လက်နက်ကြီး၊ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာ (၂၆) ရက်မှာ ထုတ်ပြန်ပါတယ်။ မနေ့က နေ့လယ် (၁၂) နာရီဝန်းကျင်ခန့်က မြိုင်နယ်မှတဆင့် ပေါက်မြို့နယ်အစပ် ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်အရာရှိနဲ့ တပ်ကြပ်ကြီးတစ်ဦးရဲ့ရုပ်အလောင်းတွေကို မီးရှို့ဖျက်ဆီးပြီး မြေမြှပ်သွားတယ်လို့ မြိုင်(ပကဖ)က ဖော်ပြပါတယ်။ မြိုင်နယ်ကနေတဆင့် ပေါက်နယ်ထဲဝင်ရောက်သွားတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ကြက်ဆူအိုင့်ရွာမှ နေအိမ်လေးလုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။



