စက်တင်ဘာ ၂၇၊ The Nation Voice
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ ပြည်သူလူထုက လုံးဝမနှစ်မြို့တဲ့ မဆလ ပါတီ၊ ကြံ့ခိုင်ရေးပါတီအစရှိတဲ့ စစ်တပ်နောက်ခံပြုထားတဲ့ ပါတီကြီးတွေကို မရှုမလှရှုံးနိမ့်စေတဲ့အထိ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး နိုင်ငံရေး ဦးဆောင်မှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ပါတီ ဖြစ်တယ်လို့ ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း (၃၄) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားမှာ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သက်တမ်းနုနယ်တဲ့ ကာလအလျောက် အမျိုးမျိုးသော ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ အခက်အခဲများစွာကိုလည်း ကြုံတွေ့ ဖြတ်သန်းခဲ့ရပြီး NLDပါတီဝင်တွေအနေနဲ့ တခဲနက် အောင်မြင်မှုရလာချိန်မှာ တစ်ဦးရဲ့ ဆန္ဒကို တစ်ဦးက အလေးထားဖို့၊ အခြားပါတီတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရာမှာ ပိုမိုအာရုံစိုက်ဖို့၊ ယခုထက်ပိုမိုကြိုးစားလုပ်ဆောင်ဖို့လည်း လိုအပ်မယ်လို့ သမ္မတက ထောက်ပြပြောဆိုပါတယ်။ ဒါမှသာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးတွေကို ပိုမိုလျင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပါတီသက်တမ်းကြာရှည်လာပြီး ပိုမိုခိုင်မာ ရင့်ကျက်လာတာနဲ့အမျှ အားနည်းချက်တွေကို ပြုပြင်ပြီး၊ ပိုမိုကောင်းမွန်တဲ့ ဦးဆောင်မှုနဲ့အတူ နွေဦးတော်လှန်ရေးမှာ ရဲရဲဝံ့ဝံ့ ဦးဆောင်ပါဝင်တဲ့ ပြည်သူ့ပါတီအဖြစ်နဲ့ အောင်မြင်မှုတွေနဲ့အတူ ဆက်လက်ရပ်တည် နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းခဲ့ပါသေးတယ်။
