စက်တင်ဘာ ၂၇၊ The Nation Voice
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဂွေးချိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ပခုက္ကူခရိုင် PDF တွေပူးပေါင်းပြီး ဒီကနေ့ စက်တင်ဘာ (၂၇) ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့မနက် (၈) နာရီကစတင်ပြီး ဂွေးချိုရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)၊ Urban Underground Revolution Force-YSO (UURF)၊ Yesagyo revolution group YRG၊ Shwe Nyar Myae People Defence Force၊king Cobra၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့၊ Royal defence Force YRD၊ Pakokku Ranger စတဲ့ မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ရေစကြိုမြို့နယ် ဂွေးချိုရွာတွင်တပ်စွဲထားသော စစ်ခွေး ပျူခွေးစခန်းအား လက်နက်ကြီး လက်နက်ငယ်များဖြင့် (၁) နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ စခ ၊ ပခ (၂)ကောင် သေပြီး (၄) ကောင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရကြောင်း သိရပါသည် ” လို့ ဖော်ပြပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဂွေးချိုရွာဘက်ကို ဆင်ချောင်း၊ ဟင်္သာ၊ ဆင်မရဲ စတဲ့ကျေးရွာတွေဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ တပ်ကူရောက်လာလို့ မဟာမိတ်ရဲဘော်တွေ ပြန်လည် ဆုတ်ခွာခဲ့ပေမယ့် အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
