စက်တင်ဘာ ၂၇၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ တပ်မဟာ (၁) နယ်မြေအတွင်း အခြေစိုက်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းဝင်တွေလိုက်နာရမယ့် စည်းကမ်းချက်တွေကို တပ်မဟာ(၁)က ထုတ်ပြန်ထားပါတယ်။
တပ်မဟာ(၁)က စက်တင်ဘာ ၁၀ရက်မှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို
KNU ဗဟိုက ဒီကနေ့မှာ အသိပေးဖော်ပြခဲ့တာပါ။
တပ်မဟာ(၁)က ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက် (၂၅)ချက်ရှိပြီး လူထုကို မခြိမ်းခြောက်ဖို့၊ အနိုင်မကျင့်ဖို့ အချက်တွေ၊ လူထုထိခိုက်စေမယ့်အရာတွေရှောင်ရှားဖို့ အချက်တွေပါဝင်ပါတယ်။
အဖွဲ့အစည်းအချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားခြင်း မပြုဖို့ စည်းကမ်းချမှတ်ထားသလို ဖြစ်လာခဲ့ရင် ထိရောက်စွာအရေးယူမယ်လို့ အသိပေးထားပါတယ်။
မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်း အင်အားစုတွေဟာ ရှေ့တန်းစစ်မြေပြင်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) မြို့နယ်/ ကျေးနယ်တွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလေးစားလိုက်နာရမယ်လို့ဆိုပါတယ်။
တပ်ရင်းမှူးတွေ/အဖွဲ့အစည်းတာဝန်ခံတွေဟာ မိမိတပ်ရင်း/တပ်ဖွဲ့က အဖွဲ့ဝင်တွေရဲ့ အုပ်ချုပ်မှုကိစ္စအဝဝကို တာဝန်ခံရမှာဖြစ်ပြီး စစ်ဆင်ရေးလုပ်ငန်းတွေကို မိမိအဖွဲ့အစည်းသဘောနဲ့ မပြုလုပ်ဖို့နဲ့ တာဝန်ရှိသူအဆင့်ဆင့်ဆီတင်ပြ ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ဖို့ စည်းကမ်းထုတ်ထားပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို မထိခိုက်စေရေး အလေးထားဆောင်ရွက်ဖို့ သတ်မှတ်ထားပါတယ်။
သက်ဆိုင်ရာနယ်မြေအတွင်း မိမိအဖွဲ့အစည်းသဘောနဲ့ ငွေကြေးကောက်ခံတာ၊ ပြန်ပေးဆွဲတာစတဲ့လုပ်ငန်းတွေမပြုလုပ်ဖို့ စည်းကမ်းချက်မှာ ပါရှိပါတယ်။
တော်လှန်ရေးအကြောင်းပြပြီးအလှူခံတာ၊ ပြည်သူလူထုကိုခြိမ်းခြောက်ငွေကြေးကောက်ခံတာ အပါအဝင် ကိုယ်ကျိုးစီးပွားရှာတာလုံးဝမပြုလုပ်ရလို့ စည်ကမ်းထုတ်ပြန်ထားပြီး မိမိသက်ဆိုင်ရာအဖွဲ့အစည်း၊ တော်လှန်ရေးရဲ့ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာထိခိုက်စေမယ့် အပြုအမူ၊ အပြောအဆို၊ လုပ်ရပ်တွေမဖြစ်ပွားစေရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
မိမိတို့သက်ဆိုင်ရာနယ်မြေအတွင်း တော်လှန်ရေးသမားအသွင်ယူပြီး မသမာမှုလုပ်ငန်းတွေ ဆောင်ရွက်နေတာမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရမယ်လို့လည်း ဖော်ပြထားပါတယ်။
မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းအင်အားစုတွေဟာ စုစည်းခြင်း၊ ညီညွတ်ခြင်း၊စည်းလုံးခြင်းအင်အားနဲ့ကျင့်သုံး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်း အင်အားစုတွေဟာ ရှေ့တန်းစစ်မြေပြင်မှာ ဆောင်ရန်ရှောင်ရန် စည်းမျဉ်းစည်းကမ်းတွေနဲ့ လူသားခြင်းစာနာထောက်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာကြဖို့ စည်းကမ်းထုတ်ပြန်ထားပါတယ်။




