စက်တင်ဘာ ၂၇၊ The Nation Voice
အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက် အသက် ၁၈နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ပြီး (၃၆၃)ဦးကို ဖမ်းဆီးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်တိုင်း၊ဒီပဲယင်း၊လက်ယက်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ မြေပြင်က တိုက်ခိုက်ခဲ့လို့ ကလေးငယ် (၇)ဦး အပါအဝင် ပြည်သူ (၁၃)ဦး အသက်ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NUG က သတင်းထုတ်ပြန်ခဲ့ရာမှာ အခုလို ဖော်ပြခဲ့တာပါ။
ကလေးငယ်တွေအပါအဝင် ပြည်သူလူထုတွေအပေါ် လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ရာမှာ ပါဝင်နေသူတွေ၊ တာဝန်ရှိသူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ခံစားနိုင်ရေး အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NUG နဲ့ တိုင်းရင်းသားမဟာမိတ် တို့ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေကို အခြေပြုပြီး စစ်ရာဇဝတ်မှုကျူးလွန် သူတွေကို အမှုဖွင့်တရားစွဲဆိုတာ၊ ဝရမ်းထုတ်တာ၊ လက်ရဖမ်းဆီးတာ၊ ဖမ်းဆီးရမိရင် တရားဥပဒေအရ တရားစီရင် အပြစ်ပေးတာတွေကို အမြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အနေနဲ့လည်း မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ရမ်းကားမှုတွေကို ရပ်တန့်နိုင်သွားစေရေးအတွက် ထိရောက်ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ NUG က တိုက်တွန်းနှိုးဆော်ထားပါတယ်။
