ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုး၍ ကျေးရွာ (၁၅)ရွာမှ ဒေသခံပြည်သူ (၂၀,၀၀၀) ကျော် ထွက်ပြေးခဲ့ရ၊ ပြည်သူ တစ်ဦးကို သတ်ဖြတ်သွား

စက်တင်ဘာ ၂၈၊ The Nation Vouce

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ (၁၅)ရွာမှ ဒေသခံပြည်သူ (၂၀,၀၀၀) ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP)က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ (၁၆) ရက်ကနေ (၂၅) ရက်အထိ စစ်ကြောင်းထိုးခဲ့တာကြောင့် ဆိပ်ဖြူမြို့နယ် ဝါဇီစက်ရုံနဲ့ ကပစ (၂၂) လက်နက်စက်ရုံနှစ်အခုအကြားရှိ ကျေးရွာတွေဖြစ်တဲ့ သံပရာပင်၊ ဆားလောင့်၊ အနောက်ကမ်းဖြူ၊ ဘဲကျ ၊ ကျားပေ၊ ကျားကွဲ၊ ညောင်​​ဂွေးဝကျေး၊ ယောချောင်း တစ်ဖက်ကမ်း ပခုက္ကူမြို့နယ်မှ စိုင်ဖြူ၊ ရှားဒူးရွာ၊တောင်ပါးလူ၊ အရှေ့ကမ်းဖြူ၊ ဥယျဥ်စု၊ ဒဲ့ပြား၊ စညောင်း၊ မြစ်ဖျား၊ လေးတိုင်စတဲ့ ကျေးရွာ (၁၅)ရွာမှ ဒေသခံပြည်သူတွေ ဘေးလွတ်ရာပြေးခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ အနောက်ကမ်းဖြူကျေးရွာမှ အသက်(၃၀)ဝန်းကျင်အရွယ် အပြစ်မဲ့ပြည်သူတစ်ဦးကို ရက်စက်စွာ ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ” ကျွန်တော်တို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)မှ “ငါတို့သည် ပြည်သူကကျွေးသော ထမင်းနှင့်ဟင်းကိုစား၍ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို ငါတို့၏အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ပါ့မည် ဟုကတိသစ္စာပြုပါသည်” ဟူသော ထမင်းစားသစ္စာစကားနှင့်အညီ စတင်စစ်ကြောင်းထို့သည့်နေ့မှစ၍ အချိန်မှီ ဆိုင်ကယ်၊ ကားကြီး၊ ကားသေး စသည့်ယာဥ်များဖြင့်ခေါ်ဆောင်၍ ဘေးလွှတ်ရာ ကျေးရွာ ဘုန်းကြီး ကျောင်းနှင့်တန်း​ကျောင်းများသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဘေးလွတ်ရာသို့ ရောက်ချိန်တွင်လဲ လိုအပ်သည့်စားနပ် ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ကြောင်းပြီးသည်အထိ ဆောင်ရွက်ခဲ့ပါသည် ” လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းထိုးခဲ့တဲ့ စက်တင်ဘာ (၁၆) ရက်မှ (၂၅) ရက်အထိ (၁၀)ရက်တာကာလအတွင်း NSP မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများအား သယ်ယူပို့ဆောင်တဲ့ ယာဥ်များအတွက် ဓာတ်ဆီ၊ ဒီဇယ်၊ စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ဟင်းချက်စရာ ဟင်းသီး ဟင်းရွက်၊ အသားငါးစတာတွေအတွက် အထွေထွေကုန်ကျစရိတ်စုစုပေါင်း (၄၅)သိန်းခန့် ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီအထဲက ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဖိုးကိုတော့ မြတ်နိုးအေးနှင့် Project Dream အဖွဲ့သားများ လှူဒါန်းထားတဲ့ စစ်ဘေးရှောင်ပြည်သူ့ကျန်မားရေးစောင့်ရှောက်မှု အလှူငွေမှ အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *