ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားကလေးငယ်(၁)ဦးအပါအဝင်(၃)ဦးထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၂၈၊ The Nation Voice

ဖားအံမြို့နယ်၊ကျုံခနကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ BGF စစ်ဆေးရေးဂိတ်က စက်တင်ဘာ(၂၄)ရက်နေ့က ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင်(၃)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်လာပါတယ်။ စက်တင်ဘာ(၂၄)ရက် ညနေ(၅)နာရီလောက်မှာ BGF စစ်ဆေးရေးဂိတ်က ညောင်ကုန်းကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ညောင်ကုန်းကျေးရွာအတွင်းက အသက်(၈)နှစ်အရွယ်ကလေးငယ်တစ်ဦး ဘယ်ဖက်လက်မောင်းလက်နက်ကြီးစစိုက်ဝင်ခဲ့ပြီးအသက် (၅၂)နှစ်အရွယ်အမျိုးသမီးတစ်ဦး ညာဖက်ပေါင်လက်နက်ကြီးစ စိုက်ဝင်ခဲ့ကာ အသက်(၃၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးဘယ်ဖက်လက်ကောက် ဝတ်လက်နက်ကြီးစ ရှပ်ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ညောင်တုန်း BGF စစ်ဆေးရေးဂိတ်ဟာ အာဏာသိမ်းစစ်ကောင်စီ BGF-၁၀၁၄ တပ်ရင်း၊ (တပ်ခွဲ-၂) လက်အောက်ခံဖြစ်ကာ တပ်ခွဲမှူးမှာ ဗိုလ်တင်ဝင်းလို့သိရပါတယ်။

ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်က ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ သူတွေအတွက် BGF က (၂) သိန်းကျပ် ဆေးဖိုးပေးခဲ့ကြောင်းသိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါ ညောင်ကုန်းဂိတ်က BGF တပ်ဖွဲ့ဝင်တွေဟာဒေသခံပြည်သူတွေကို ခေါ်ယူခြိမ်းခြောက်တာ၊လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်တာ စတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မကြာခဏ လုပ်ဆောင်လေ့ရှိနေတယ်လို့လည်း ကေအဲန်ယူက ထုတ်ပြန်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *