စက်တင်ဘာ၃၀ ၊ The Nation Voice
မိုးရာသီကာလရောက်ပြီဆိုရင် ဒီဆည်ကြီးတွေဟာ အတော်လေးသတိထားနေရသလို မုန်တိုင်းဝင်မယ့် ကြေညာချက်တွေ၊ မိုးကြီးမယ်ဆိုတဲ့ကြေညာချက်တွေ ကြားသိရရင်လည်း အရေးပေါ်ပြင်ဆင်မှုတွေ လုပ်နေရတဲ့အထိ ကြောက်လန့်ရတယ်လို့ ကြီးအုံကြီးဝဆည်အနီးမှာ နေထိုင်တဲ့ ဦးမိုးကျော်က ပြောပါတယ်။
“ သူတို့က ထုတ်ပြန်ချက်ပဲထုတ်တာ၊ ရေကင်းတွေလာစောင့်လည်း အလကားပဲ။ ပုံမှန်ထက် မိုးကြီးပြီဆိုရင် ကျွန်တော်တို့ နေရာရွှေ့ရတယ်။ အနီးနားနေသူတွေကို ဆည်အခြေအနေမပျက်ဖို့ သတိထားခိုင်း ရတယ်။ တစ်မိုးနဲ့ တစ်မိုး မတူဘူး။ ရွာရင်လည်း သဲကြီးမဲကြီး မတိတ်တန်းရွာတာ။ မိုးတွင်းဆို လန့်နေရပြီ ” လို့ ဦးမိုးကျော်က ဆိုပါတယ်။
ဦးမိုးကျော်တို့ သတိထားကြောက်လန့်နေရတဲ့ ကြီးအုံကြီးဝဆည်ဟာ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ရှိပါတယ်။ ဆည်အနီးမှာ နေထိုင်သူတစ်ဦးအနေနဲ့ ဘာလို့ ဒီလိုထိတ်လန့်မှုတွေ ရှိနေရတာလဲဆိုရင် စစ်အစိုးလက်ထက် တည်ဆောက်ခဲ့တဲ့ ဆည်တိုင်းမှာ ရေကြီးရေလျှံမယ်၊ ဆည်ကျိုးမယ်ဆိုတဲ့ သာဓကတွေ ရှိခဲ့တာကြောင့်ပါ။
မြန်မာနိုင်ငံမှာ ရေလွှဲဆည်၊ ရေလှောင်တမံ၊ ရေလှောင်ကန် အရေအတွက် (၄၇၀) ခု နီးပါးရှိပြီး ဒီအထဲက ကြီးအုံကြီးဝဆည်အပါအဝင် ဆည်တာတမံ (၂၀၀) ကျော်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ ယခင် နဝတ၊ နအဖ စစ်အစိုးရ လက်ထက်မှာ အရှိန်အဟုန်နဲ့ တည်ဆောက်သွားခဲ့တာ ဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီအရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက မကွေးတိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝဆည်တမံတွင် မိုးရေဝင်ရောက်မှုများခဲ့လို့ တမံရေပိုလွှဲမှ (၈) ပေ ကျော်အထိ ရေကျော်ကျမှု ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
အလားတူပဲ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ပြည်နယ်နဲ့ တိုင်း (၉) ခုမှာရှိတဲ့ ရေလှောင်တမံ (၂၂) ခုရဲ့ ရေပိုလွှဲကနေ ရေကျော်နေတယ်လို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်အသိပေးခဲ့ပါတယ်။
အဲဒီလို ရေကျော်တယ်လို့ ထုတ်ပြန်တဲ့စာရင်းထဲမှာ မကွေးတိုင်းက ကြီးအုံကြီးဝနဲ့ မုန်းချောင်း ရေလှောင်တမံ နှစ်ခုက ရေကျော်နေတဲ့ပမာဏက အများဆုံးဖြစ်ကြောင်း အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၁၈ စက်တင်ဘာ (၂) ရက်နေ့မှာ တစ်နိုင်ငံလုံးရှိ နဝတ၊နအဖစစ်အစိုးလက်ထက်ကတည်ခဲ့တဲ့ ဆည်ပေါင်း (၂၀၀) ကျော်အနက် ရေကာတာ (၅၇) ခုမှာ ရေပြည့်ပြီး ရေပိုလွှဲက ရေကျော်နေတယ်လို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အလားတူ ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၉) ရက် နံနက်စောစောပိုင်းမှာလည်း ပဲခူးတိုင်းအရှေ့ခြမ်းရှိ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲကျိုးကျခဲ့ရာ လူပေါင်းသောင်းချီ ရေဘေးသင့်ခဲ့ရသလို ရေတာရှည်မြို့နယ်အပါအဝင် တောင်ငူမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီရေကြီးရေလျှံမှုကြောင့် သေဆုံးသူ (၇) ဦး၊ ပျောက်ဆုံးသူ (၃) ဦး၊ ရေဘေးသင့်ပြည်သူ ငါးသောင်းကျော် ရှိခဲ့ပြီး၊ ရေတာရှည်မြို့နယ်အတွင်း နေအိမ် (၁၈၅) လုံး လုံးဝပျက်စီးခဲ့ပြီး နေအိမ် (၃၂၂) လုံးနဲ့ ဘုန်းကြီးကျောင်း (၁၀) ကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
၂၀၁၅ ခုနှစ် မိုးတွင်းရာသီ သြဂုတ်လအတွင်းက မကွေးတိုင်း စေတုတ္တရာမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ မြို့ရဲ့ ငါးပုံလေးပုံဟာလည်း ရေတွေနစ်မြုပ်ခဲ့ပြီး မုန်းချောင်းကူးတံတားကြီးဟာလည်း ရေနစ်မြုပ်သွားကာ မြစ်ကြီးတစ်စင်းလို ဖြစ်ခဲ့တာကြောင့် စေတုတ္တရာမြို့တစ်ဝက်ကျော်လောက် ရေအောက်ရောက်သွားခဲ့ဖူးပါတယ်။
မကွေးတိုင်းဟာ မိုးရာသီကာလတွေမှာ ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းဘက်က မိုးရေချိန် မြင့်မားမှုကြောင့် စီးဆင်းလာတဲ့ တောင်ကျရေစီးဆင်းမှု သဘာဝဘေးဒဏ်ကိုလည်း အစဉ်အမြဲခံခဲ့ရတဲ့ တိုင်းဒေသတခု ဖြစ်တဲ့အပြင် မုန်းချောင်း၊ မန်းချောင်း၊ စလင်းချောင်း၊ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့လည်း မကွေးတိုင်းအတွင်းကို ဖြတ်သန်း စီးဆင်းတာဖြစ်လို့ ရေကြီးရေလျှံမှုတွေလည်း ကြုံနေရပါတယ်။
မကွေးတိုင်း စေတုတ္တရာမြို့ရဲ့အထက်မှာ “မုန်းရေလှောင်တမံကြီး” ရှိပါတယ်။ စေတုတ္တရာမြို့ရဲ့အောက်ဘက် ပွင့်ဖြူမြို့မှာတော့ “ကြီးအုံကြီးဝ” ရေလှောင်တမံကြီး ရှိပါတယ်။
ကြီးအုံကြီးဝဆည်ဟာ မကွေးတိုင်းရဲ့ အဓိကဆည်ကြီးတခုလည်း ဖြစ်တဲ့အပြင် အခုနှစ်ပိုင်းတွေမှာ မိုးရာသီကာလရောက်ချိန်ဆို ဆည်ရဲ့ သတ်မှတ်ရေမှတ်ကို အကြိမ်ကြိမ်ကျော်လေ့ရှိတတ်လို့ အဲဒီဆည်ကြီးသာ ကျိုးပေါက်ခဲ့ရင် ပွင့်ဖြူမြို့နယ်ဟာ ရေအောက်ရောက်သွားနိုင်လို့ ဒေသခံတွေက ယူဆထားကြပါတယ်။
ဆည်တစ်ခု တည်ဆောက်မယ်ဆိုရင် တည်ဆောက်မယ့်နေရာ၊ တည်ဆောက်ရာဒေသရဲ့ မိုးလေဝသအခြေအနေ နှစ် (၂၀) စာပါ အချက်အလက်တွေ၊ ဘူမိဗေဒ စမ်းသပ်မှုတွေ မြေသားအသုံးပြုမယ့်ကျောက်စတဲ့ အခြေခံ အချက်တွေကို စစ်ဆေးရတယ်လို့ ဆည်မြောင်းဦးစီးဌာနရဲ့ အငြိမ်းစားအရာရှိတစ်ဦးက ပြောပြပါတယ်။
ဒါပေမယ့် လက်ရှိတည်ဆောက်ထားတဲ့ ဆည်တွေကိုတော့ စစ်အစိုးရအဆက်ဆက်က စံချိန်စံညွန်းတွေထက် သတ်မှတ်အချိန်အတွင်း အမြန်ပြီးရေးဆိုကာ တည်ဆောက်ခဲ့ရတာ ဖြစ်တာကြောင့် မိုးလေဝသ၊ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာနဲ့ သဘာဝ ဘေးအန္တရာယ်တွေရဲ့ သက်ရောက်နိုင်မှု အခြေအနေတွေကို ထည့်သွင်း တွက်ချက်တာမျိုး မရှိခဲ့ဘဲ သီအိုရီအပေါ် အခြေခံ တွက်ချက်ထားတာမျိုးတွေနဲ့ပဲ တည်ဆောက်ခဲ့ရတာလို့ အထက်ပါ ဆည်မြောင်းဦးစီးဌာန အငြိမ်းစား အရာရှိက ပြောပါတယ်။
၁၉၈၈ ခုနှစ်က စတင်တည်ဆောက်ခဲ့တဲ့ ဆည်တွေဟာ အခုဆိုရင် သက်တမ်းအားဖြင့် နှစ် (၃၀) သက်တမ်း ကျော်လာပါပြီ။
နှစ် (၂၀) သက်တမ်းပဲရှိရမယ့် မိုးလေဝသဆိုင်ရာ အချက်အလက်တွေ ထည့်သွင်း တွက်ချက်မထားတဲ့ ဆည်တွေရဲ့ ကြံ့ခိုင်မှု့နဲ့ မိုးလေဝသ ပြောင်းလဲမှု၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာတွေကြောင့် ဘယ်လောက်ပမာဏပဲ ခံနိုင်ရည်ရှိတော့မလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလို့ သူက ဆက်ပြောပြပါတယ်။
“ နှစ် (၂၀) သက်တမ်း သတ်မှတ်ထားပေမယ့် နောင်နှစ် (၂၀) ကြာမှ စစ်ဆေးရတာမျိုး မဟုတ်ဘူး။ ရာသီအလိုက် ပြောင်းလဲမှုတွေကို လစဉ်၊ နှစ်စဉ် စစ်ဆေးပြီး ပြင်သင့်တာတွေ ပြင်ရတယ်။ ကာကွယ်မှု လုပ်သင့်တာတွေကို လုပ်ရတယ်။ အန္တရာယ်ရှိလာပြီလို့ ယူဆရင် အနီးမှာနေထိုင်တဲ့ မြို့ရွာတွေကို ပြောင်းခိုင်းသင့်ရင် ပြောင်းခိုင်းရတယ်။ ဒါတွေဟာ ဘယ်အစိုးရတက်တက် လုပ်ရမယ့်ကိစ္စတွေ ဖြစ်တယ်။ ဒီနောက်ပိုင်းမှာတော့ ဆည်တွေရဲ့ ကြံ့ခိုင်မှုဟာ အတော်လေး စိုးရိမ်စရာ ဖြစ်လာပြီ။ ရာသီဥတု မတည်ငြိမ်တာ၊ မိုးက ရွာချင်သလို ရွာလာတာ၊ ငလျင်တွေ ခပ်စိပ်စိပ် လှုပ်တာတွေကြောင့် တစ်နေ့နေ့မှာ ဘယ်ဆည်က ထဖောက်မယ်ဆိုတာ မသိနိုင်ဘူး ” လို့လည်း အထက်ပါ အငြိမ်းစားအရာရှိက ထပ်လောင်း သတိပေး ပြောဆိုပါတယ်။
ဒီလို ကြံ့ခိုင်မှုနည်းပါးလာတဲ့ ဆည်တွေဟာ အချိန်မရွေး ပျက်စီးနိုင်တဲ့ နောက်ထပ်အကြောင်းအရင်းက ရှိနေပြန်ပါတယ်။
ဒါဟာ နှစ်စဉ်ကမ္ဘာ့အပူချိန် မြင့်တာလာမှုနဲ့အတူ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုတွေဟာလည်း တစ်နှစ်ထက်တစ်နှစ် ဆိုးရွားစွာ ကြုံတွေ့လာရတာကို ရာသီဥတုနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ အစီအရင်ခံစာတွေမှာ တွေ့မြင်နိုင်ပါတယ်။
ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံဟာ ၁၉၇၈ ခုနှစ်နောက်ပိုင်း မုတ်သုံရာသီဥတု အပြောင်းအလဲများ စတင်ပြောင်းလဲလာခဲ့ပြီး မုတ်သုံလေ အဝင် နောက်ကျခြင်း၊ မုတ်သုံကာလ အထွက်စောခြင်း ၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ အချိန်တိုတိုနှင့် မိုးရေချိန်များများရွာခြင်း စတာတွေကို ကြုံတွေ့လာရပါတယ်။
၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်တဲ့ “မြန်မာနိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း အစီရင်ခံစာ”အရ မြန်မာနိုင်ငံဟာ ၁၉၈၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ နှစ်စဉ်မိုးရွာသွန်းမှုပမာဏ တိုးလာကြောင်း ဖော်ပြထားတယ်။
အဲဒီအစီရင်ခံစာအရ ဆယ်စုနှစ်တစ်ခုတိုင်း ကမ်းရိုးတန်းဒေသမှာ ၁၅၇ မီလီမီတာ(၆ ဒဿမ ၁၈၂ လက်မ) ၊ ကုန်းတွင်းပိုင်းဒေသမှာ ၃၇ မီလီမီတာ(၁ ဒဿမ ၄၅၇ လက်မ) အထိ မိုးရေချိန် တိုးမြင့်လာနေပါတယ်။
ဒါ့ကြောင့် မုတ်သုံကာလ တိုတောင်းလာပေမယ့်လည်း ရွာသွန်းတဲ့ မိုးရေချိန်ပမာဏာ များလာတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ အချိန်တိုတိုနဲ့ မိုးများများရွာသွန်းတဲ့အတွက် ရေကြီးတာတွေ ရှိလာမှာ ဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး ထိခိုက်မှုအများဆုံးဖြစ်နိုင်တဲ့ အညွှန်းကိန်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ အစီအရင်ခံစာတွေမှာလည်း ၂၀၀၀-၂၀၁၉ ခုနှစ်အတွက် အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ထိခိုက်နိုင်မှုအများဆုံး နိုင်ငံစာရင်းမှာ ဒုတိယလိုက်နေပါတယ်။
အန္တရာယ်ကြီးမားတဲ့ အခြေအနေတွေကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ လူတွေအပေါ်ဘေးဒုက္ခဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တခုကတော့ အိုမင်းလာပြီဖြစ်တဲ့ ဆည်ကြီးတွေပါ။
အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် အထိခိုက်ခံရဆုံး ထိပ်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေဆဲဖြစ်ပြီး အပူချိန် မြင့်မားလာတာ၊ မိုးခေါင် ရေရှားတဲ့ပြဿနာတွေ ပိုမိုခံစားရမှာ ၊ မိုးရွာသွန်းတဲ့ မိုးရေချိန်ပမာဏာ မြင့်မားလာတာ စတဲ့အကျိုးသက်ရောက်မှုတွေ ခံစားနေရတယ်လို့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သတင်းရေးသားနည်းသင်တန်းများရဲ့ အတိုင်ပင်ခံ တစ်ဦးဖြစ်တဲ့ Mr.Eric Glover ကပြောတယ်။
မိုးရေချိန်ပမာဏ များလာတဲ့ အကျိုးဆက်တွေကြောင့် ရေကြီး ရေလျှံတဲ့ ပြဿနာတွေလည်း မြန်မာနိုင်ငံဟာ အဓိက ခံစားရမယ့် ထိခိုက်မှုတွေထဲမှာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ရာသီဥတု၊ မိုးလေဝသဆိုင်ရာဖြစ်ရပ်တွေနဲ့ ဆက်နွှယ်လျက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ဆည်ကြီးတွေရဲ့ အခြေအနေတွေဟာ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်မှု၊ စက်တင်ဘာလမှာ မကွေးတိုင်း အောင်လံမြို့မှာရှိတဲ့ ဘွက်ကြီးရေလှောင်တမံရဲ့ တာဘောင်ဟာ တစ်လထဲမှာပဲ နှစ်ကြိမ်တိုင် မြေကျွံမှုဖြစ်ပွားခဲ့လို့ ဆည်အောက်မှာရှိတဲ့ ကျေးရွာ (၈) ရွာက ဒေသခံ နှစ်ထောင်ကျော် ပြောင်းရွှေ့ခဲ့ရတဲ့အထိ ဆိုးရွားစွာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်တွေနောက်ပိုင်း ဆည်တွေနဲ့ပတ်သက်တဲ့ ဖြစ်ရပ်ဆိုးတွေ သိပ်မမြင်မကြားရပေမယ့် ဆည်တမံကြီးတွေ ရေကျော်တဲ့ ဖြစ်စဉ်တော့ နှစ်စဉ် ရှိနေခဲ့ပါတယ်။
အဲဒီလိုဖြစ်စဉ်တွေ ကြုံနေရတဲ့ ဆည်တွေက ဘယ်လောက် အန္တရာယ်ရှိနေပြီလဲဆိုတဲ့ သတိပေးချက်တစ်ခုက ဒီ ၂၀၂၂ ခုနှစ် အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီသတိပေးချက်က ဒီနှစ်မိုးတွင်းမှာ နှစ်ပေါင်း (၅၀) ကျော် အတွင်း စံချိန်မကျိုးခဲ့တဲ့ မိုးရေချိန်ဟာ ရန်ကုန်မြို့နဲ့ ကျောက်ဖြူမြို့တို့မှာ မိုးရေချိန် စံချိန်သစ်တင်တဲ့အထိ မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မှာဆိုရင် နှစ်ပေါင်း (၅၄) နှစ် အတွင်းမှာ မိုးရေချိန်စံချိန်သစ်တင်တဲ့နှစ်ဖြစ်ပြီး ၁၇၀ မီလီမီတာ (၆ ဒဿမ ၆၉ လက်မ) အထိ စံချိန်တင်ခဲ့သလို ကျောက်ဖြူမှာလဲ (၅၈) နှစ်အတွင်းမှာ ၅၀၂ မီလီမီတာ (၁၉ ဒဿမ ၇၆ လက်မ) အထိ စံချိန်သစ်တင်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ် မတိုင်ခင်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့၊ မိုးကုတ်မြို့တို့မှာလည်း မိုးရွာသွန်းမှုများပြားပြီး ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီလိုအခြေအနေတွေဟာ အန္တရာယ်ရဲ့ အချက်ပေးခေါင်းလောင်းသံတခုဖြစ်ပြီး အိုဟောင်းနေပြီဖြစ်တဲ့ နာမည်ကြီးဆည်တွေ တည်ရှိတဲ့ဒေသတွေမှာ စံချိန်တင်မိုးရွာသွန်းတာတွေ၊ အင်အားပြင်းတဲ့ ငလျင် လှုပ်ခတ်တာတွေ ဖြစ်ပေါ်လာမယ်ဆိုရင် အနီးနား နေထိုင်သူတွေအတွက် မတွေးဝံ့စရာ အခြေအနေ ဖြစ်လာနိုင်တယ်လို့ ဆည်မြောင်းပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။
ဒီလို ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ အကျိုးဆက်တွေ လျှော့ချဖို့အတွက်ဆို မြန်မာနိုင်ငံအနေနဲ့ အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီးလုပ်ဆောင်သင့်တယ်လို့ Mr.Eric Glover က ပြောပါတယ်။
အစိုးရအနေနဲ့ နိုင်ငံတကာ သဘောတူညီချက်စာချုပ်တွေကို အလေးထား အကောင်းအထည်ဖော်ဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုကို လျှော့ချဖို့နဲ့ လိုက်လျှော့ညီထွေမှုဖြစ်ဖို့အတွက် ပြည်သူတွေကို အသိပညာမျှဝေဖို့ လိုသလို၊ ပြည်သူတွေဘက်ကလည်း ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချဖို့ အမူအကျင့်တွေပြောင်းလဲဖို့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာရှိတဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေမှာ ဆည်တွေထဲ ရေဝင်ရောက်တဲ့ အခြေအနေနဲ့ လယ်ယာတွေကို ရေပေးတဲ့ အခြေအနေမျိုးသာ တွေ့ရပြီး ဆည်တွေကို ဘယ်လိုထိန်းသိမ်းနေတာမျိုးနဲ့ အရေးပေါ် အစီအစဉ်တွေကို ဘယ်လိုပြုလုပ်ထားတယ်ဆိုတဲ့ ထုတ်ပြန်ချက်၊ ဆွေးနွေးတာမျိုးကိုတော့ မတွေ့ရဘူးလို့ ဆည်ကြီးတွေအနီး နေထိုင်ကြတဲ့ ဒေသခံတွေက ပြောပါတယ်။
ဆည်ရဲ့ ခံနိုင်ရည်၊ ရေဝင်ရောက်မှု အခြေအနေတွေ မိုးရေချိန်စတဲ့ အထိ သတင်းထုတ်ပြန်ပြီး ပြည်သူတွေ စိတ်ပူပင်စရာ မရှိဘူးဆိုတာမျိုးအထိ အသိပေးနိုင်မှသာ ဦးမိုးကျော်တို့လို ဆည်တွေအနီးမှာ နေထိုင်စိုးရိမ်နေရသူတွေအတွက် သောကကင်းကင်း အိပ်စက်နိုင်ကြမှာပါ။
မြန်မာနိုင်ငံက တည်ဆောက်ကာလ သက်တမ်းရင့်နေပြီဖြစ်တဲ့ ဆည်အိုကြီးတွေရဲ့ ကြံ့ခိုင်မှုကို မစစ်ဆေးနိုင်သေးသရွေ့ ပြည်သူကို စဉ်ဆက်မပြတ် အသိမပေးနိုင်သေးသမျှ ဆည်ကြီးတွေအနီးမှာရှိတဲ့ မြို့တွေ၊ ကျေးရွာတွေနဲ့ဒေသခံတွေဟာ သူတို့ရဲ့အသက်အိုးအိမ်အတွက် ပူပန်သောက ရှိနေကြရမှာပဲ ဖြစ်ပါတယ်။
