မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို KIA/PDF တိုက်ခိုက်၊ ရဲစခန်းကို မီးရှို့

စက်တင်ဘာ ၃၀၊ The Nation Voice

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ရှိ စစ်ကောင်စီတပ်စခန်းနဲ့ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း မန်တုံဒေသခံက ပြောပါတယ်။ “မနေ့ကတော့ ဟိုပစ်ဒီပစ် ပစ်ကြတာပေါ့။ PDF တွေ မြို့ထဲဝင်လာတာပေါ့။

ရဲစခန်းမီးလောင်တာဟုတ်တယ်။ အရင်ကတော့ အဲလိုမဖြစ်ဖူးဘူး ဘေးကနေလာပစ်ပြီး ထွက်သွား အဲဒီလောက်ပဲ။ အခုကတော့ မြို့ထဲဝင်ပြီး (ရဲစခန်း) မီးရှို့တာ”လို့ဒေသခံက ပြောပါတယ်။ စက်တင်ဘာ ၂၉ရက် မနက် ၈နာရီလောက်က စပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကာ တစ်နေ့လုံး မကြာမကြာ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ မန်တုံက စစ်ကောင်စီတပ် ခလရ(၁၃၀)ကို စတင်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

မနေ့က တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်နဲ့ ရဲဘက်က အကျအဆုံး အခြေအနေကိုတော့ သတင်းမကြားရဘူးလို့ ဒေသခံက ပြောပါတယ်။ KIA နဲ့ PDF ပူးပေါင်းပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာတွေ အရှိန်မြှင့် ဆောင်ရွက်လာတာတွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီးမေးမြန်းဖို့ KIA သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *