လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး သေနတ်နဲ့ပစ်ခံရပြီး တစ်ဦးကျည်ထိ၊ စစ်ကောင်စီက လွိုင်ကော်မြို့ထဲ လုံခြုံရေးတင်းကျပ်နေ

စက်တင်ဘာ ၃၀၊ The Nation Voice

ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင် လေယာဉ်တစ်စင်း လေဆိပ်ဆင်းသက်ချိန် သေနတ်နဲ့ အပစ်ခံရတာကြောင့် ခရီးသည်တစ်ဦး ကျည်ဆန်ထိမှန် သွားတယ်လို့ ကနဦးသတင်းရရှိပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့လေယာဥ်ဟာ Myanmar National Airlines ရဲ့ လေယာဥ်ဖြစ်ပြီး ဒီနေ့မနက်ပိုင်း လွိုင်ကော်လေဆိပ်ကို ဆင်းသက်လာစဉ်မှာ အောက်ဘက်က ပစ်ခတ်ခဲ့တာဖြစ်ကာ လူမှုကွန်ရက် မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံမှာတော့ လေယာဉ်ထိုင်ခုံပေါ်မှာ သွေးတွေပေကျံနေတဲ့ ပတ်တီးနဲ့ တစ်သျှုးတွေ တွေ့ရသလို လေယာဥ်ကြမ်းပြင်မှာလည်း ကျည်ဆန် ဖောက်ဝင်ရာလို့ ယူဆရတဲ့ အပေါက်ရာလည်းတွေ့ရပါတယ်။

အဲဒီလေယာဉ်ဟာ ရန်ကုန်ကနေ လွိုင်ကော်ကို တိုက်ရိုက်ပျံသန်းလာတာဖြစ်ပြီး ကျည်ဆန် ထိမှန်တဲ့ ခရီးသည် သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမည့် အတည်မပြုနိုင်သေးပါဘူး။ လေယာဉ်အပစ်ခံရပြီးနောက် လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတွေတင်းကျပ်ထားပြီး လွိုင်ကော်မြို့ခံတွေက စိုးရိမ်မှုမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို ဘယ်သူကပြုလုပ်ခဲ့တာလဲဆိုတာ အတည်မပြုနိုင်သေးဘဲ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကတော့ အကြမ်းဖက်အဖွဲ့အစည်းတွေပြုလုပ်ခဲ့တာလို့ သတင်းရေးသားဖော်ပြနေသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ကယားပြည်နယ်မှာ လွိုင်ကော်မြို့ပေါ်ဝန်းကျင်ကလွဲပြီး နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွါးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *