မန္တလေးက မြေကွက်တွေကို စရောင်းတဲ့ (၁၀) နာရီအတွင်း ဒေါ်လာ (၈) သန်းကျော်ဖိုးရောင်းနိုင်ခဲ့

အောက်တိုဘာ ၂၊ The Nation Voice

Spring Mandalay Investment မြေကွက်တွေကို စတင်ရောင်းချတဲ့နေ့ ပထမ (၁၀) နာရီအတွင်းမှာ ဒေါ်လာ (၈.၈) သန်းဖိုး ရောင်းချထားရပြီ ဖြစ်တယ်လို့ The End of Dictatorship က အသိပေးပါတယ်။ Spring Mandalay Investment မြေကွက်တွေ စတင် ရောင်းချတော့မယ်လို့ ကြေညာစဉ်ကလည်း ကိုယ်စားလှယ်တွေဆီမှာ စာရင်းပေးလို့ ရပါပြီ ဆိုတာနဲ့ မြေကွက် (၃၀၀) ကျော် ကြိုတင်အမှာစာ တင်ထားခဲ့ကြတာလည်းဖြစ်ပါတယ်။ မန္တလေးဟာ ပထဝီအနေအထားအရ အရှေ့ဘက်မှာ ရှမ်းရိုးမ၊ အနောက်ဘက်မှာ စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးနဲ့ ဧရာဝတီမြစ်၊ မြောက်ဘက်နဲ့ တောင်ဘက်တွေမှာ တမျှော်တခေါ် လယ်ကွင်းပြင်စိမ်းစိမ်းစိုစိုနဲ့ သဘာဝကပေးတဲ့ အလှကိုလည်း ပိုင်ဆိုင်ထားတဲ့မြို့ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အချက်အချာကျတဲ့ ဒေသဖြစ်တဲ့အပြင် အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းအတွက်လည်း အရေးပါတဲ့မြို့၊ သမိုင်းအစဉ်အလာနဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုနောက်ခံပါ ရှိတဲ့အတွက် ခရီးသွားလုပ်ငန်းမှာလည်း အားထားရတဲ့ မြို့လို့ ဆိုပါတယ်။ ဒီလိုစီးပွားရေး အခွင့်အလမ်းတွေနဲ့ ပြည့်စုံကုံလုံတဲ့မြို့ဟာ တော်လှန်ရေးနဲ့ ပတ်သက်လာရင်လည်း နှလုံးသားထဲက စူးစူးနစ်နစ် ယုံကြည်သူတွေဖြစ်ကြောင်း အခုအခါမှာ သက်သေပြခွင့်ရပြီဖြစ်သလို သက်သေလည်းပြနေကြပါပြီလို့ EOD က ပြောပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာ Smart City Award 2019 ပိုင်ဆိုင်ခဲ့တဲ့ မန္တလေးဟာ တော်လှန်ရေးသမိုင်းသစ် ရေးထိုးရာမှာလည်း ရှေ့ဆုံးကနေ မော်ကြွားနေမယ်လို့ ယုံကြည်ထားကြောင်း ဆက်လက်ဖော်ပြထားပါတယ်။ တော်လှန်ရေး မြန်မြန်အောင်မှသာ စာသင်ကျောင်းပါမကျန် ရက်စက်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်စနစ် နိဂုံးချုပ်မှာမို့၊ တော်လှန်ရေးရယ် အောင်စေဖို့ Spring Mandalay Investment မှာ ပါဝင်မြှုပ်နှံရင်း ပြည်တော်ဝင်လိုက်ကြပါစို့လို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *