ကဗျာဆရာ ကြည်ဇော်အေး ဦးနှောက်သွေးကြောပေါက်ပြီး ကွယ်လွန်

အောက်တိုဘာ ၃၊ The Nation Voice

ကဗျာဆရာ ကြည်ဇော်အေးဟာ ဒီနေ့ အောက်တိုဘာလ(၃)ရက်၊ မနက်(၈)နာရီ (၁၅)မိနစ်မှာ ဦးနှောက် သွေးကြောပေါက်ကာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ (၂)ရက်၊ ည(၁)နာရီခွဲအချိန်မှာ သတိလစ်သွားခဲ့လို့ ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် ဆေးရုံတင်ခဲ့ရကာ သတိပြန်လည်ရရှိခြင်းမရှိဘဲ ဒီမနက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကဗျာဆရာ ကြည်ဇော်အေးရဲ့ ရုပ်အလောင်းကို ရေခဲတိုက်ထဲမှာ ထားလိုက်ပြီဖြစ်ပြီး ကိုဗစ်အဖြေစစ်ထားတယ်လို့ သိရပါတယ်။

မနက်ဖြန် အောက်တိုဘာလ(၄)ရက်၊ မနက် (၉)နာရီမှာ ကိုဗစ်အဖြေထွက်တဲ့အခါ Negative ဖြစ်ရင် လူနာရှင်သင်္ဂြိုလ်ခွင့်ရမှာဖြစ်ပြီး Positive ဖြစ်ရင်တော့ ဆေးရုံဘက်က သင်္ဂြိုလ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကဗျာဆရာ ကြည်ဇော်အေးဟာ ကွယ်လွန်ချိန်မှာ အသက် (၄၄)နှစ်ရှိပြီဖြစ်ပြီး သူ့မွေးနေ့မတိုင်ခင် တစ်ရက်အလိုမှာ ဆုံးပါးသွားခဲ့တာလည်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါကဗျာဟာ ဆရာကြည်ဇော်အေး နောက်ဆုံးရေးသားခဲ့တဲ့ကဗျာဖြစ်ပြီး သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ပြန်လည်ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။

လာမယ့်ဆောင်းရာသီ

________________________

မလုံခြုံမှုမီးခိုးများဟာ အူနေတယ်

လေထု ပွန်းပဲ့ ရဟတ်များလည်ပတ်လျက်

ခြောက်ကပ်လယ်ယာမြေပေါ် စိုစွတ်နေတဲ့

သွေးစ အသားစ အရိုးစ အပူချိန်ဟာ

အိမ်ခေါင်မိုးတွေဆီကနေ ဖြာကျ

တခါတခါ ကလေးတယောက်ရဲ့ငိုသံ

တခါတခါ အမယ်အိုတယောက်ရဲ့ညည်းသံ

“စစ်ဖြစ်နေမှတော့ အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ” လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်

“ခွေးမသားတွေ ခွေးကျွေးတောင်မစားဘူး” တဲ့ အဖိုးအိုတယောက်က တောက်ခေါက်တယ်

ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့ လမ်းကမှားနေတယ် ဆောင်းဝင်တော့မယ်

အချစ်ထက်ပိုပြီး ဘယ်မီးဖိုက နွေးပါ့မလဲ

နာကျင်မှုကိုသာ လှုံကြ ။

KZA 2 October 22

Leave a Reply

Your email address will not be published. Required fields are marked *