ကရင်နီဒေသမှာ စက်တင်ဘာလအတွင်း တိုက်ပွဲ (၅၇)ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က (၁၀၀) ကျော်သေ

အောက်တိုဘာ ၃၊ The Nation Voice

ကရင်နီဒေသမှာ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း (၅၇)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၁၀၄)ဦး သေဆုံးကာ(၆၀)ကျော်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က မနေ့ညပိုင်းက ထုတ်ပြန်ထားပါတယ်။

ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ရှားတော၊ ဘောလခဲ စတဲ့ ဒေသတွေမှာ တိုက်ပွဲ (၅၇)ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဆီက MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၈)လက် ၊ MG စက်သေနတ် ၁ လက် (၆၀) မမ အသီး၊ RPG အသီး ၊စွပ်ဗုံးနဲ့ ခဲယမ်းတွေ ၊ အသုံးအဆောင်တွေ ရရှိသိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ခဲ့ပြီး စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KNDF ရဲဘော် (၅)ဦး ကျဆုံးခဲ့ကြောင်း အသိပေးထားပြီး ကျဆုံး ရဲဘော်တွေကိုအာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်အလေးပြုကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုရားကျောင်းနဲ့ ဒေသခံ တွေရဲ့ နေအိမ် (၁၀၀)ကျော် ပျက်စီးခဲ့သလို အရပ်သား ပြည်သူ(၁၀) ဦး အသက်ဆုံးရှုံးကာ (၁၉)ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်မိုင်းနင်းမိလို့ ပြည်သူ (၁)ဦး သေဆုံးကာ (၄)ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်လို့ ပြည်သူ (၂)ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တပ်ဖြန့်တာတွေ လုပ်ဆောင်နေတာအပြင် မိုင်းထောင်တာတွေ လုပ်ဆောင်ထားလို့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အနီးတဝိုက် ကျေးရွာတွေကို ဒေသခံတွေ အလျင်စလို မပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *