ကိုပေါက်ရဲ့ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်ကားကို လန်ဒန်မှာ ပွဲဦးထွက် ပြသ၊ လာကြည့်သူများပြီး ခုံမလောက်လို့ ထပ်တိုးပြီး ပြသခဲ့ရ

အောက်တိုဘာ ၃၊ The Nation Voice

CDM ဗိုလ်ကြီးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ (၂) ရက်က လန်ဒန်မြို့မှာ ပွဲဦးထွက်အဖြစ် ပြသခဲ့ရာ သတ်မှတ်ခုံအရေအတွက်ထက် ပိုမိုများပြားခဲ့လို့ ခုံတွေ ထပ်တိုးပြသခဲ့ရတယ်လို့ PVTV က ထုတ်ပြန်ထားပါတယ်။ လန်ဒန်မှာ ပြသခဲ့တဲ့ ရုပ်ရှင်ဖွင့်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယူကေနိုင်ငံ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမောင်မောင် အောင်နဲ့ ဒေါက်တာသက်ကိုကို တို့တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ဇာတ်လမ်းထဲမှာ သရုပ်ဆောင်တွေကို အသုံးပြုထားခြင်းမရှိဘဲ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့သူတွေနဲ့သာ ရိုက်ကူးထားတာဖြစ်ပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတွေကို ဂုဏ်ပြုရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က ပြောထားပါတယ်။ “ ရန်ပုံငွေကတော့ ဇာတ်လမ်းအတွက် လက်မှတ်ရောင်းရရုံတင်မဟုတ်ပဲ ကိုပေါက်နဲ့ လိုက်ဖ်ပြောနေရင်းနဲ့ ခန်းမထဲမှာ အလှု ငွေလိုက်ကောက်ပါတယ်။ ကိုယ်လည်း နိုင်သလောက် မောင်နှမနှစ်ယောက် တစ်ယောက်ဆယ်ပေါင်ဆီထည့်လိုက်ပါတယ်။ အကုန်လုံးထည့်ကြပါတယ်။ ငွေသားမပါတဲ့သူတွေ ကဒ်နဲ့ လှုလို့ရအောင် စီစဥ်လာတဲ့ ပွဲစီစဥ်သူတွေလည်း ထောင့်စေ့ကြပါ တယ်။ အဲဒီမှာ အလှုငွေက ပေါင် (၁,၉၀၀) ရတယ်ကိုပေါက်ရေလို့ ကြေငြာပေးတော့ သူအရမ်းပျော်သွားပါတယ်။ အဲဒါနဲ့ ပွဲစီစဥ်သူတွေက (၁,၉၀၀) ဆိုတော့ ၂၀၀၀ ဖြစ်အောင် တစ်ရာ ထပ်မဖြည့်ချင်ကြဘူးလားဆိုတော့ အလုအယက် ဝိုင်းထည့်ကြပြန်ပါတယ်။ အဲဒီမှာ ကိုပေါက်ကြီး အတော်လည်း အံ့သြပြီး အတော်လည်း ပျော်နေပါတယ်” လို့ ရုပ်ရှင်ပွဲကြည်သူတစ်ဦးက လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ရုပ်ရှင်ပြသပြီးချိန်မှာ ဒါရိုက်တာ ကိုပေါက်က ပွဲလာကြည့်သူတွေနဲ့ အွန်လိုင်းကတဆင့် စကားပြောတာ၊ သီချင်းဆိုပြတာတွေ လုပ်ခဲ့ပါတယ်။ ရုပ်ရှင်ပွဲပြီးလို့ အလှူငွေကောက်ခံချိန်မှာ စတာလင်ပေါင် (၃,၀၀၀) ရခဲ့တယ်လို့ ဆိုပါတယ်။

“မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းတိုကို ဖုန်းနဲ့ တောထဲမှာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့လည်း ဒါရိုက်တာ ကိုပေါက်က ပွဲအပြီး စကားပြောရာမှာ ထည်သွင်းပြောကြားခဲ့ပါတယ်။ ဒါရိုက်တာ ကိုပေါက်ရဲ့ “မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းတိုကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ ၊ ဂျပန်နိုင်ငံ တိုကျို ၊ နာဂိုယာ၊ အိုဆာကာ မြို့တွေ၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ဆန်ဖရန်ဆစ္စကိုမြို့ ၊ တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းနဲ့ ဆွစ်ဇာလန် နိုင်ငံတွေမှာ ဆက်လက်ပြသမှာဖြစ်တဲ့အပြင် နော်ဝေ၊ ဘယ်လဂျီယံ၊ ဂျာမဏီ နိုင်ငံတွေမှာလည်း ထပ်တိုးပြသဖို့ စီစဉ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *