အောက်တိုဘာ ၃၊ The Nation Voice
မကွေးတိုင်း၊ထီးလင်းမြို့ကနေထွက်လာတဲ့ အင်အား(၃၀)ပါစကစ စစ်ကြောင်းဟာ တော်လှန်ရေးအဖွဲ့တွေထောင်ထားတဲ့ မိုင်းကွင်းနင်းမိခဲ့တယ်လို့ PDF-Htilin (YRPA)က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။
မနေ့က မနက်(၁၁)နာရီကျော်လောက်မှာ ထီးလင်းမြို့ကနေထွက်လာတဲ့ စကစစစ်ကြောင်းကို ဝါးရင်းချိုင်(ထီးလင်း) လမ်းခွဲနားမှာ တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ကင်းထောက်ခဲ့ပြီး စကစတပ်သားတွေကဒရုန်းကိုပစ်ခတ်တာကြောင့် PDF-Htilin ဂန့်ဂေါခရိုင်အမှတ် (၂/၄/၁၀)ကရဲဘော်တွေ လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်မှုခဲ့ပါတယ်။
အဲ့ဒီနောက် စကစစစ်ကြောင်းဟာကျားခဲရွာဘက်ကိုဆက်လက်ထွက်ခွာသွားကာ တော်လှန်ရေးအဖွဲ့တွေရဲ့ မိုင်းကွင်းတွေကိုနင်းမိပြီးစကစတပ်သားတွေ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်အတွင်းမှာ စကစတပ်သားတွေဘက်က(၄)ဦးဟာ ထမ်းစဉ်နဲ့ တပ်သား(၂)ဦးကိုသယ်ဆောင်သွားတာကိုမြင်တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း PDF-Htilin ဘက်က ရဲဘော် (၄)ဦး တိုက်ပွဲအတွင်း ပိတ်မိခဲ့ပေမယ့် ကိုယ်ယောင်ဖျောက်ပြီး ပြန်လည်ထွက်ခွါလာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် နီးစပ်ရာစစ်ဘေးရှောင်တွေကိုလည်း PDF-Htilinက လုံခြုံရေးယူပေးကာ ကားတွေစီစဉ်ရွှေ့ပြောင်းပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ တပါတည်း ဆောင်ရွက်ပေးခဲ့တယ်လို့လည်း အသိပေးထားပါသေးတယ်။
