အောက်တိုဘာ ၃၊ The Nation Voice
မကွေးတိုင်း၊ပေါက်မြို့နယ် ဇီးပျားရွာမှာ လူ(၉၃)ဦးခန့်နဲ့ သင်တန်းပေးနေတဲ့ ပျူစောထီးစခန်းကို မနေ့ကညပိုင်းလောက်မှာ တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူအဖွဲ့ဝင်(၅၃)ဦးအထိ အရှင်ဖမ်းမိခဲ့တယ်လို့မြိုင်(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။
မနေ့ကည(၇)နာရီလောက်မှာ ဇီးပျားပျူစခန်းကိုတော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန်(၅)နာရီကျော်နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် စကစအဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့ကြပြီး စကစအဖွဲ့ဝင်(၁၇)ဦးထက်မနည်းသေဆုံးကာ ပျူစောထီးအဖွဲ့ဝင်(၅၃)ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းမိထားတဲ့ ပျူစောထီးတွေကိုပြည်သူ့ဘက်တော်သားတွေအဖြစ် သစ္စာရှိစွာရပ်တည်ပေးမယ်ဆိုရင် အသက်ကိုစောင့်ရှောက်မှုပေးမှာဖြစ်ပြီး စကစ ဒေါက်တိုင်အဖြစ်ဆက်မရပ်ဖို့ ဝန်ခံဂတိတွေပြုလုပ်ထားတယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စကစရဲစခန်းတစ်ခုကိုသိမ်းပိုက်နိုင်ဖို့အလားအလာကောင်းတွေရှိခဲ့ပေမဲ့ တိုက်ပွဲကြာချိန်(၅)နာရီကျော်လာချိန်မှာ လက်နက်ခဲယမ်းလုံလောက်မှုမရှိတော့တာကြောင့်အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ ကျည်မျိုးစုံ(၁၇၀၀၀)ထက်မနည်း အသုံးပြုခဲ့တယ်လို့လည်း မြိုင်(ပကဖ)က ထပ်ဆောင်းအသိပေးထားပါသေးတယ်။
