စက်တင်ဘာ ၃၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ညောင်ဖြူပင်ရွာရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေနဲ့အတူမနေ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Scorpions People Defence Force က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့က မနက်(၂)နာရီလောက်မှာ ညောင်ဖြူပင်ရွာရဲစခန်းကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ညောင်ဖြူပင်ရွာရဲစခန်းဟာ အထိုင်စခန်းကို ခိုင်မာစွာဆောက်တည်ထားသောအနေထားဖြစ်နေတာနဲ့မိုးသည်းထန်စွာ ရွာသွန်းလာတာတွေကြောင့် စခန်းကိုသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
စခန်းကိုသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ပေမယ့် တိုက်ခိုက်မှုအတွင်းမှာ စကစအဖွဲ့ဝင်(၁၀)ဦးအထိသေဆုံးခဲ့ပြီး (၅)ဦးပြင်းထန်ဒဏ်ရာရကြောင်း သတင်းရရှိတယ်လို့ Scorpions PDF ကထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ Scorpions PDF နဲ့အတူ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃၊မြေလတ် PDF -တောင်သာ၊ Seven People Defense Force ၊စစ်ကိုင်းတိုင်း တပ်ရင်း(၁)စတဲ့ မဟာမိတ်အဖွဲ့တွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
