အောက်တိုဘာ ၃၊ The Nation Voice
KNU သထုံခရိုင် တပ်မဟာ (၁) မိတ်ဖက်ရေးရာကြီးကြပ်မှုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးကို စက်တင်ဘာ (၂၄) ရက်ကနေ (၂၉) ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးကို တက်ရောက်လာတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေ၊ တာဝန်ခံတွေနဲ့ ကိုယ်စားလှယ်တွေက မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအသွင် ဖွဲ့စည်းပြီး တစ်ခုတည်းသောကွပ်ကဲမှု (စုပေါင်းဦးဆောင်မှု)နဲ့ ဘုံရန်သူကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သွားကြဖို့ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြပါတယ်။
မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုထဲမှာ PDF အဖွဲ့အသီးသီးအပြင် မြို့ပေါ်ပြောက်ကျားတပ်ဖွဲ့၊ ပကဖ၊ Local PDF အဖွဲ့ စုစုပေါင်း (၂၄) ဖွဲ့အထိ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းရုံနဲ့ တော်လှန်ရေးအောင်မြင်မှာ မဟုတ်တဲ့အတွက်ကြောင့် တပ်ပေါင်းစုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်ခြင်းသာ မှန်ကန်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့ ဆုံးဖြတ်ထားကြကြောင်း ဖော်ပြထားပါတယ်။
ကိုယ်ကျင့်တရားဖောက်ပြန်တဲ့ စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးမဲ့စေပြီး သူတို့အတွက်သာ အကျိုးများစေတဲ့ စစ်အာဏာရှင်စနစ်ကို အသက်သွင်းဖို့ ကြိုးပမ်းနေတာကို မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ကောင်းကောင်းသိရှိထားတာကြောင့် စုပေါင်းစုဖွဲ့မှုနဲ့ တော်လှန်မှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

