စစ်ကောင်စီရဲ့ လက်နက်ကြီး အထိုင်ချရာ နေရာကို မင်းတပ် CDF ဝင်တိုက်၊ စစ်ကောင်စီတပ်က သေဆုံးမှုရှိကြောင်း ထုတ်ပြန်

အောက်တိုဘာ ၅၊ The Nation Voice

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်က စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်ရာ နေရာကို ဒီနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိနိုင်တယ်လို့ မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့အောက်တိုဘာ ၅ရက် မနက် ၁၁နာရီခွဲက မင်းတပ် ခလရ(၂၇၄) တပ်အနီးရှိ လက်နက်ကြီး ပစ်ခတ်ရာ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ကိုယ်တို့ ရည်ရွယ်ထားတာက စစ်တပ်အထွက်ဂိတ်ရဲ့ မလှမ်း မကမ်းမှာရှိတာကို သွားတိုက်တာ တကယ့်စွန့်စားခန်း။ ကံဆိုးချင်တော့ ငါတို့ ဖော်ဆောင်မယ့် တိုက်ပွဲမတိုင်ခင် သူတို့က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေတော့ သာမန်ထက် လူအင်အားများနေတာ။အဲဒါကြောင့် ငါတို့ လုပ်ချင်သလောက် မဖော်ဆောင်နိုင်ခဲ့တာ အားမလိုအားမရဖြစ်တာ။ ဒါမှမဟုတ်ရင် ပုံမှန်လက်နက်ကြီး မထုတဲ့အခြေအနေဆို အဲဒီနေရာကို အပြီးသတ်သိမ်းနိုင်မယ် ဒါမှမဟုတ် အတက်နိုင်ဆုံး အကျအဆုံးများများ ဖြစ်အောင် တိုက်ခိုက်ပြီး ပြန်ဆုတ်လာနိုင်မှာပေါ့” လို့ မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက်ကလည်း အများပြည်သူနေထိုင်တဲ့ ကျေးရွာဘက်ကို လက်နက်ကြီးအချက်(၂၀)ခန့်ပစ်ခတ်ခဲ့လို့ မင်းတပ်မြို့( ၆ )မိုင် တက္ကသိုလ် သွားရာ လမ်းအနီး နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ကျန် ထိခိုက်ပျက်စီးမှုတွေကိုဆက်လက်စုံစမ်းနေတယ်လို့ မင်းတပ် CDF က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မင်းတပ် CDF အနေနဲ့ တစ်နေ့တည်းနဲ့ မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်စွဲရာ နေရာ (၅)နေရာကိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *