အောက်တိုဘာ ၆၊ The Nation Voice
ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်တောင်ပိုင်း ယုဇနဥယျာဉ်မြို့တော် (၉၂)ရပ်ကွက် ကံကော်လမ်းပေါ်က ရာအိမ်မှူးအောင်ကျော်စောဆိုသူပိုင်ဆိုင်တဲ့ အဖျော်ယမကာစတိုးဆိုင်အရှေ့ကို မနေ့ကသတိပေးဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ (SDGF)က သတင်းထုတ်ပြန်ပါတယ်။
မနေ့က ည(၈)နာရီဝန်းကျင်လောက်မှာ အဲ့ဒီအဖျော်ယမကာ စတိုးဆိုင်ရှေ့မှာ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စတိုးဆိုင်ကမော်တော်ယဉ်တစ်စီး ပျက်စီးထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရွှေမြင့်မိုရ်(Liquor store) ပိုင်ရှင်ရာအိမ်မှူး အောင်ကျော်စောဟာ စကစကို လောင်စာဆီမှောင်ခိုလုပ်ငန်းနဲ့ အထောက်အပံ့ပြုနေပြီး စကစပိုင် မြန်မာဘီယာတွေကို အဓိကထားရောင်းချနေကြောင်း စုံစမ်းသိရှိရတာကြောင့် အခုလိုသတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုတော့ ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ (SDGF)နဲ့ ဒို့ရိုးရာညီနောင်များ ပြောက်ကျားတပ်ဖွဲ့တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ SDGFအဖွဲ့အနေနဲ့စကစနဲ့ထောက်တိုင်တွေကို ဆက်လက်တိုက် ထုတ်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်းစကစနဲ့ သက်ဆိုင်တဲ့ စစ်ရေး၊အုပ်ချုပ်ရေး၊စီးပွားရေးထောက်တိုင်တွေနဲ့ အတတ်နိုင်ဆုံး ပတ်သက်ဆက်နွယ်မှုမပြုလုပ်ကြဖို့လည်းပြောဆိုထားပါတယ်။
