KNU ညောင်လေးပင်ခရိုင်မှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၀)ကျော်သေဆုံး

အောက်တိုဘာ ၆၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင်မှာ စက်တင်ဘာလ အတွင်းက တိုက်ပွဲကြီး တိုက်ပွဲငယ် (၇၁)ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က (၈၃)ဦး သေဆုံးကာ (၈၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က သေဆုံးသူတွေအနက် တပ်ရင်းမှူး (၁) ဦး၊ ဒု−ရင်းမှူး (၁) ဦး၊ ဗိုလ်ကြီး (၁) ဦး၊ ဒု−ဗိုလ်ကြီး (၁) ဦးပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် (၃)ဦး ကျဆုံးခဲ့ပြီး (၁၂)ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်တွေမှာ ပြည်သူလူထု နေထိုင်ရာ ရွာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လူထုနေထိုင်ရာ နေရာတွေကို လေကြောင်း တိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မုန်းမြို့နယ်အတွင်းက ကျေးရွာ (၂) ရွာကိုလည်း အတင်းအဓမ္မပြောင်းရွှေ့စေခဲ့တဲ့အပြင် ရွာသားတစ်ဦးကိုဖမ်းစီးခဲ့ပြီး အခြားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနဲ့စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၂)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ KNU တပ်မဟာ(၅)နယ်မြေက ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNU တပ်မဟာ(၃) တပ်ဖွဲ့ဝင်တွေအကြား စက်တင်ဘာလ ၇ရက်က စပြီး တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *