ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်ခြမ်းမှာ တပ်မ ၄၄ နဲ့ KNLA တို့ တိုက်ပွဲတွေ ဖြစ်နေ

အောက်တိုဘာ ၇၊ The Nation Voice

ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်ခြမ်း တပ်မဟာ (၆) နယ်မြေ အတွင်းရှိ လူခို့ နေရာကို ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မ (၄၄) လက်‌အောက်ခံ တပ်တွေနဲ့ နယ်မြေခံ KNLA တပ်တို့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလိုဖြစ်နေတယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။ တပ်မ (၄၄)လက်အောက်ခံတပ်တွေဖြစ်တဲ့ နည်းဗျူဟာ (၄၄၁)ရဲ့ တိုက်ခိုက်ရေး တပ်ရင်းတွေဖြစ်တဲ့ ခမရ(၁၀၂)၊ ခလရ(၈)၊ လရ(၂၀၇) တို့နဲ့ KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့ကြား တိုက်ပွဲ ဖြစ်ပွားနေတာပါ။

မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ မြွေသုံးကောင်ကုန်းနဲ့ ဖလူးစခန်းမှာ အခြေပြုထားတဲ့ အကြမ်းဖက် စစ်ကောင်စီက (၁၂၀) မမ လက်နက်ကြီး နဲ့ ပစ်ကူ ပစ်ခတ်ခဲ့ကာ အောက်တိုဘာ (၆) ရက်၊ မနက် (၉) နာရီခန့်မှ (၁၀) နာရီခွဲခန့်အထိ၊ နေ့လယ် (၃) နာရီ ခန့်မှ ည(၇) နာရီ ခွဲအထိ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွါးနေတာလို့ ဆိုပါတယ်။ ကျူးကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကို လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာ၊ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်တာ၊ ခြေမှုန်းရေး စစ်သည်တွေနဲ့ မြေပြင်ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားလျက် ရှိပါတယ်။ အဲဒီတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်က ခမရ (၁၀၄) ကို ကော်ဘရာစစ်ကြောင်းက စနိုက်ပါတွေနဲ့ ပစ်ခတ်ခဲ့လို့ တစ်ဦး သေဆုံးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *