အောက်တိုဘာ ၇၊The Nation Voice
ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ အောက်တိုဘာ (၆) ရက်ညနေပိုင်းက ပစ်သတ်ခံလိုက်ရတဲ့ မြို့နယ် တရားသူကြီး ရာဇာမင်းစိုးဟာ ပိုက်ဆံပေးရင် တရားခံဖြစ်နေပါစေ အမှုကနေ ကွင်းလုံးကျွတ်လွတ်အောင် ပြုလုပ်တတ်သူဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။ အောက်တိုဘာလ (၆) ရက်၊ ညနေ (၅) နာရီအချိန်က မူဆယ်မြို့နယ် တရားသူကြီး ရာဇာမင်းစိုးကို မူဆယ်မြို့လယ်မှာ အမည်မသိ သေနတ်သမား နှစ်ဦးက သူကားပေါ်မှာရှိနေစဉ် သေနတ်နဲ့ လေးချက်ပစ်ပြီး သတ်ဖြတ်ခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ အဲဒီတရားသူကြီးဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ရေနံချောင်းတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် အဂတိလိုက်စားပြီး တရားစီရင်ခဲ့တဲ့အတွက် သူ့ကို ရေနံချောင်းမြို့နယ် လွန်ပင်ရှိုကျေးရွာ ဒေသခံပြည်သူတွေက (၇) ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြသလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း တိုင်ကြားခံခဲ့ရသူဖြစ်ပါတယ်။
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လွန်ပင်ရှိုကျေးရွာပိုင် အဝီစိစက်ရေတွင်းက သံပိုက်တွေကို အလွဲသုံးစားမှုလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး ဦးသန်းမိုးနဲ့ ဦးစိန်မောင်ညွှန့်တို့ကို ဒေသခံတွေက တရားစွဲခဲ့တဲ့အမှုမှာ လာဘ်ပေးလာဘ်ယူပြုလုပ်ပြီး အမှုကနေ ကွင်းလုံးကျွတ်စေလွှတ်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမူဆယ်မှာ တာဝန်ထမ်းဆောင်နေစဉ် အမည်မသိ သေနတ်သမား နှစ်ဦးရဲ့လက်ချက်နဲ့ ပြန်လည် တရားစီရင်ခံခဲ့ရတာဖြစ်ပြီး ဘယ်အတွက်ကြောင့် ပစ်ခတ်လုပ်ကြံခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။ အခုနောက်ပိုင်း တရားရုံးတွေနဲ့ စစ်တပ်အလိုကျ အမိန့်တွေချမှတ်နေတဲ့ တရားသူကြီးတွေကို တော်လှန်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန်သတိပေးနေပြီး လက်တွေ့အရေးယူဆောင်ရွက်တာတွေကိုလည်း နိုင်ငံတဝှမ်းက တော်လှန်ရေးအဖွဲ့တွေက လုပ်ဆောင်နေကြပါတယ်။
